တိုကျို ၊ သြဂုတ် (၁၃)

စွမ်းအင်နှင့် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်ခြင်းနဲ့ စီးပွားရေးဆိုင်ရာ ထိုးနှက်ချက်များကို တွန်းလှန်ဖို့အတွက်။ နောက်ထပ်အစီအမံများ ချမှတ်ဆောင်ရွက်ကြဖို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သူရဲ့ အစိုးရကို ဩဂုတ်လ (၁၂)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 

လက်လီရောင်းချသူတွေနဲ့ အိမ်ထောင်စုတွေရဲ့ နေထိုင်မှုစရိတ်စကတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မည့် အစီအမံများအား တနင်္လာနေ့မှာပြုလုပ်မယ့် အစိုးရအစည်းအဝေးတစ်ခုမှာ ဆွေးနွေးပြီး ဝန်ကြီးချုပ်က အမိန့်ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

“မကြာသေးမီက ငွေကြေးဖောင်းပွမှုကို မြင့်တက်စေတဲ့ စွမ်းအင်နှင့် အစားအစာစျေးနှုန်းများကို အာရုံစိုက်လုပ်ဆောင်ရန် နောက်ထပ်အမိန့်ပေးမည်” လို့ ဝန်ကြီးချုပ်က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ 

လူနေမှုစရိတ်များ မြင့်တက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်းဟာ စားသုံးမှုကို ပံ့ပိုးရန်နှင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ကပ်ရောဂါဘေးမှ စဉ်ဆက်မပြတ် ပြန်လည်ကောင်းမွန်လာစေဖို့ ကီရှီဒါရဲ့ ထိပ်တန်းဦးစားပေး မူဝါဒတစ်ခု ဖြစ်လာခဲ့ပါတယ်။ 

အခြားအဆင့်မြင့်နိုင်ငံများထက် အဆမတန် နည်းပါးပေမယ့် ဂျပန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ လောင်စာဆီနှင့် ကမ္ဘာ့ကုန်ကြမ်းစရိတ်များ ကြီးကြီးမားမား မြင့်တက်မှုကြောင့် ဇွန်လမှာ ဗဟိုဘဏ်က ရည်မှန်းထားသည့် ၂ ရာခိုင်နှုန်းကို သုံးလဆက်တိုက် ကျော်လွန်သွားခဲ့ပါတယ်။ 

ဒါကြောင့် အစိုးရအဖွဲ့ကို ဗုဒ္ဓဟူးနေ့မှာ ပြောင်းလဲဖွဲ့စည်းပြီးနောက် ကီရှီဒါက အစိုးရသည် နောက်ထပ်အဆင့်များအတွက် ပေးဆောင်ရမည့်အချိန်ကာလမှာ အရန်ငွေတွေကို အသုံးချမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

ဒါပေမယ့် ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်တက်နေပါက အစိုးရအနေဖြင့် စီးပွားရေးထိခိုက်မှုကို တားဆီးဖို့အတွက် အပိုဘတ်ဂျက်ကို ယခုနှစ်နှောင်းပိုင်းမှာ စုစည်းနိုင်မယ်လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါသေးတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.