မော်လမြိုင် ၊ သြဂုတ် (၁၃)

မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီ ပြတ်လပ်လာပြီးနောက် လိုသလောက် ဝယ်ယူလို့မရတဲ့အတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့ကနေ သြဂုတ် ၁၂ ရက်ထိ အခုတစ်ပတ်အတွင်း တစ်လီတာကို ကျပ် ၁၇၀၀ ကနေ ကျပ် ၂၃၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာပြီးနောက် ဈေးကွက်မှာ ပြတ်လတ်ခဲ့တာ ဖြစ်ပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုဟာ စစ်ကောင်စီက စက်သုံးဆီ ဈေးကွက်ကို ထိန်းချုပ်ထားပြီး လိုသလောက် ရောင်းပေးခြင်း မရှိတာကြောင့် ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရသလို တချို့ဆိုင်တွေမှာဆိုရင် ခွဲတမ်းနဲ့ ရောင်းချပေးနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေဟာ စက်သုံးဆီ ရရှိဖို့အတွက် ရောင်းချပေးနေတဲ့ စက်သုံးဆီဆိုင်တွေမှာ တန်းစီဝယ်ယူနေရတဲ့အတွက် အခက်ကြုံနေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ကိုယ်ထည့်ချင်တဲ့ နေရာတိုင်း ထည့်လို့ မရဘူး၊ နောက်ကိုယ်လိုချင်တဲ့ နေရာကို သွားမယ် ဆိုလိုရှိရင်လည်း တမြို့လုံးမှာမှ တစ်ဆိုင် နှစ်ဆိုင်လောက်ပဲ ဖွင့်တယ်ဆိုတော့ ပြုံပြီးတော့ စောင့်ရတဲ့ အနေအထား ရှိတော့ ပြောမယ် ဆိုလိုရှိရင် အချိန်လည်းကုန်တယ်၊ ဒါပေမယ့် အချိန်ကုန်ပြီးတော့ ဆီရဖို့ အတွက်ကို လူတွေက တန်ဖိုးရှိလှတဲ့ အချိန်တွေကို ပေးပြီးတော့ ဒုက္ခ ရောက်နေရတယ်၊ ဆီဆိုင် တွေက ကိုယ်ထည့်ချင်တဲ့ ဆိုင်မှာ မရှိဘူး၊ မရှိတော့ လမ်းဘေးမှာ ဆီမှောင်ခိုဈေးနဲ့ ဗူးချိန်နဲ့ ရောင်းတဲ့ ဆီတွေကို ဝယ်ထည့်ပြီးတော့ သွားရတဲ့ အနေအထားတွေ ဖြစ်လာတော့ ဘယ်လိုပြောမလဲ အမြဲတမ်း အလုပ်လုပ်တဲ့ သူတွေက တအားပို ကြပ်တည်း လာပြီး၊ အခု ပိုက်ဆံ ရှိပြီးတော့ ဆီပါ ဝယ်လို့ မရတော့ဘူး ဆိုတော့ ကျွန်တော်တို့ရဲ့ အနေအထားကတော့ ပြောစရာ စကားတောင် မရှိတော့ဘူး ”လို့ ဆိုပါတယ်။

ဒါ့အပြင် ရောင်းချပေးနေတဲ့ စက်သုံးဆီဆိုင်တချို့မှာလည်း တန်းစီဝယ်ယူရတဲ့အတွက် နာရီနဲ့ချီ စောင့်ဆိုင်း ရတာတွေ ရှိသလို လိုချင်တဲ့ ဆီအမျိုးအစား မရရှိတာကြောင့် ရတဲ့ စက်သုံးဆီကိုသာ ဝယ်ယူနေရတယ်လို့ ဆိုပါတယ်။

သုံးဘီး ယာဉ်မောင်း တစ်ဦးကလည်း စက်သုံးဆီကို စောင့်ဆိုင်း ဝယ်ယူနေရတဲ့ အခက်အခဲကြောင့် တက္ကဆီဆွဲဖို့ အခက်အအခဲ ရှိလာတယ်လို့ ပြောပါတယ်။

“ကိုယ်မှာ လက်ထဲမှာ ပိုက်ဆံ ဘယ်လောက် ရှိရှိဗျာ ဆီက တစ်နေရာ တစ်နေရာ တန်းစီနေရတဲ့ အတွက် အခုဆို မနက် မိုးလင်းတာနဲ့ ခေါင်းကခြောက်ပြီး အဲ့လိုပုံစံ ဖြစ်နေတယ်၊ ငါမနက် ကျရင် ဓာတ်ဆီ သွားထည့်ရမလည်း ဒီနေ့ မောင်းပြီးရင်ရော ငါဘယ်မှာ ဓာတ်ဆီ ထည့်ရမလည်း အဲ့ဒါကြီးပဲ အတွေးတွေက ဝင်နေတယ်ဗျာ၊ ကိုယ်က ဓာတ်ဆီ ရဖို့အတွက် တန်းစီ နေရတဲ့ အတွက် ခရီးသည် တစ်နေရာ သွားဖို့ အတွက် ဓာတ်ဆီက အဓိက အရေးကြီးတယ်လေ၊ ဓာတ်ဆီ တန်းစီ နေရတဲ့ အချိန်မှာ ခရီးသည်က လွတ်အဲ့လို ပုံစံတွေ ဖြစ်နေတယ်ဗျာ၊ အခုဆို တစ်နေ့ ပုံမှန် (၂၀၀၀၀) ရမယ့်နေရာမှာ (၁၀၀၀၀)တောင် မနည်း ရှာနေရတဲ့ အဲ့လိုပုံစံ ဖြစ်နေတယ်၊ ဆီမရှိရင်တော့ ဘယ်လိုမှ ရပ်တည်လို့ မရဘူး၊ ဓာတ်ဆီပဲ အဓိက ကျနေတာ အဲ့လိုဖြစ်နေတာ၊ ဆီမရှိရင်တော့ ဒီအလုပ်ကိုတော့ လုပ်လို့တော့ မရတော့ဘူးပေါ့၊ လောလောဆယ် နားပြီးတော့ အိမ်မှာပဲနေ အဲ့လိုပုံစံ”လို့ ဆိုပါတယ်

စက်သုံးဆီဟာ အခုတစ်ပတ်အတွင်း ဈေးနှုန်း ဆက်တိုက် မြင့်တက်လာသလို မကြာခဏ ပြတ်လပ်မှုတွေပါ ကြုံတွေ့ လာရတဲ့အတွက် ခရီးသွား လုပ်ငန်းတွေ၊ သုံးဘီးနဲ့ ဆိုင်ကယ် Taxi မောင်းနှင်းသူတွေ အပါအဝင် ဒေသခံ ပြည်သူတွေမှာ သွားရေးလာရေး အခက်အခဲ ရှိလာကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် လျှပ်စစ်မီး ပုံမှန် ရရှိခြင်း မရှိတာကြောင့် စက်သုံးဆီကို အဓိက မှီခိုပြီး လုပ်ကိုင် နေရတဲ့ အသေးစားနဲ့ အလတ်စား (SME) လုပ်ငန်းတွေပါ အလုပ် ရပ်နား လာရတာတွေ ရှိသလို အလုပ်လျှော့ချ လုပ်ကိုင် နေရတာတွေ လည်း ရှိတယ်လို့ SME လုပ်ငန်းရှင်တွေက ပြောပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာမသိမ်းခင်က တစ်လီတာကို ကျပ် ၆၀၀ လောက်သာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် တစ်လီတာကို ကျပ် ၂၃၀၀ ကျော်ထိ ၄ ဆနီးပါး ဈေးနှုန်း မြင့်တက်လာခဲ့သလို မကြာခဏ ဆိုသလို ပြတ်လပ်နဲ့ ရင်ဆိုင်နေရတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.