မြဝတီ ၊ သြဂုတ် (၁၃)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)တံတားအနီး ကြံလင်းလမ်းထိပ်နဲ့အနီးတစ်ဝိုက်က ငွေလဲလုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီက လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက သြဂုတ် ၁၃ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ထိုင်းဘတ်ငွေလဲ လုပ်ငန်းလုပ်ကိုင်သူတွေကို လိုက်လံ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ နီးစပ်သူ တစ်ဦးကတော့ ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ပြီးနောက် ငွေလဲလုပ်သူတွေကို ဖမ်းဆီးသွားကြောင်းနဲ့ ဘာကြောင့် ဖမ်းဆီးလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးရာမှာ စစ်ကောင်စီအဖွဲ့တွေက ဘတ်ငွေတွေ၊ ငွေရေစက်တွေအပြင် ဖုန်းတွေကိုပါ သိမ်းဆည်းသွားခဲ့ပါတယ်။

ဒါပေမယ့် ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေကိုတော့ ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာ မသိရသေးပါဘူး။

ထိုင်းဘတ်ငွေဟာ စစ်ကောင်စီရဲ့ ဒေါ်လာငွေ ကန့်သတ်ထိန်းချုပ်မှုနဲအတူ ဈေးနှုန်း ဆက်လက် မြင့်တက်ပြီး သြဂုတ် ၁၃ ရက်နေ့မှာ ထိုင်းတစ်ဘတ်ကို မြန်မာငွေ ၈၀ လောက်ထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

ထိုင်းဘတ်ငွေ ဈေးနှုန်း ဆက်လက် မြင့်တက်တဲ့အတွက် ထိုင်း-မြန်မာနိုင်ငံ ကုန်သွယ်မှု ဆက်တိုက် ကျဆင်းလာပြီး ကုန်သွယ်ရေးလုပ်ငန်းတချို့ စတင်ရပ်နားလာပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.