ရန်ကုန် – ဩဂုတ်(၁၃)
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ်သုံး နှုန်းခဲ့တာနဲ့ ကလေးသူငယ်တွေရဲ့ ပညာရေးရရှိခွင့်နဲ့ ပတ်သက်ပြီး စတိတ်မန့်ထုတ်ပေးဖို့ စစ်ကောင်စီကို စာပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး ဒဂုံတက္ကသိုလ် သမဂ္ဂ အဖွဲ့တွေက ပြင်းထန်စွာ ရှုတ်ချခဲ့ပါတယ်။
ဒီနေ့ ဩဂုတ်လ(၁၃) ရက်နေ့မှာဒဂုံတက္ကသိုလ်ယာယီကောင်စီ၊ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂ နဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့က ပူးတွဲသဘောထားထုတ်ပြန်ထားတာပါ။
“အခုလိုအကြမ်းဖက်သမားကို တရားဝင်ဝန်ကြီးချုပ်သဖွယ်အမည်တပ်ပြီး ဒီစာကိုပေးပို့ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်စာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့၊ ဖိနှိပ်သတ်ဖြတ်ခံနေရတဲ့ လူထုရဲ့ အသံကို မကြားကြ လို့လား၊ဒါမှမဟုတ် ကြားရက်နဲ့ မသိချင်ယောင်ဆောင်နေကြတာလား” လို့ ဒဂုံတက္ကသိုလ် ကျောင်းသား များသမဂ္ဂ ဥက္ကဌ ကိုမင်းဟန်ထက်က သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ ၊အစိုးရတွေအနေနဲ့ ဓမ္မဘက်မှာ ရပ်မှာလား အဓမ္မဘက်မှာ ရပ်မှာလား ဆိုတာကို ပြတ်ပြတ်သားသား ပြဖို့ လိုပြီး လူ့အခွင့်အရေးကို တကယ်ကာကွယ်ပြီး အမှန် တရားဘက်က သတ္တိရှိရှိရပ်တည်ကြဖို့ လိုတယ်လို့ သူက ပြောပါသေးတယ်။
နေ့စဉ်နဲ့အမျှ စစ်ကိုင်းတိုင်းအတွင်းမှာ လူမျိုးတုန်းသတ်ဖြတ်မှု၊စစ်ရာဇဝတ်ကျူးလွန်မှုတွေကို စစ်တပ်က ကျူးလွန်နေတာ နိုင်ငံတကာအသိဖြစ်ပြီး တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း စစ်တပ်ရဲ့ ပြည်သူတွေ အပေါ်ပြုကျင့်မှုတွေကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ မျက်ခြေမပြတ်စောင့်ကြည့် နေမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ တစ်နှစ်ခွဲကျော်အတွင်း လူ့အခွင့်အရေးကိုမလေးစားဘဲ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး လေးစားသူတွေကို ထောင်းတွင်းအကျဉ်းချထားတာ (၁၂၀၀၀) ဦး ရှိပြီး မတရားပုဒ်မတွေနဲ့ စွဲဆိုထောင်ချထားသူ (၁၃၄၈) ဦးရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး စာပို့ခဲ့တာကို နားမလည်နိုင်အောင်ဖြစ်ရကာ အမှန်တကယ်လူ့အခွင့်အရေးကို လုပ်ဆောင်နေလားဆိုတာ ကို စဉ်းစားမရတဲ့ အခြေအနေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေ့ ဩဂုတ်လ(၁၃) ရက်နေ့အထိ ကလေးသူငယ်(၂၀၂) ဦး သတ်ဖြတ်ခံထားရကာ အဲ့ဒီသတ်ဖြတ်ခံခဲ့ရတဲ့ ကလေးငယ်တွေထဲမှာ မိခင်ရင်ခွင်ထဲမှာ နေတဲ့ ကလေးငယ်တွေပါ မကျန် သတ်ဖြတ်ခံနေရတာဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်လို့ သုံးနှုန်းပြီး စာပေးပို့ခဲ့တဲ့ Human Rights Watch (HRW) အဖွဲ့ ကို ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့ အစည်း (၃၆၈) ဖွဲ့က ကန့်ကွက်ထားပြီး မြန်မာ ပြည်သူတွေကို ပြန်တောင်းပန်ဖို့ တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်