ဒီမော့ဆို ၊ သြဂုတ် (၁၃)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ ညှိနှိုင်းပြီး စစ်ရှောင်ပြည်သူတွေကို နေရပ်ပြန်လာကြဖို့ ဖိတ်ခေါ်နေတယ်လို့ ဒေသကာကွယ်ရေးတပ် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့နဲ့ နယ်မြေတည်ငြိမ် အေးချမ်းနေကြောင်း နိုင်ငံတကာကို ချပြဖို့အတွက် စစ်ရှောင်တွေကို နေရပ် ပြန်လာကြဖို့ ဖိတ်ခေါ်တာပါ။

စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်လာကြဖို့ စစ်ကောင်စီနဲ့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ညှိနှိုင်းဆောင်ရွက်နေလဲဆိုတာကိုတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ကြပါတယ်။

စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ရဲ့ ဖိတ်ခေါ်မှုကြောင့် စစ်ရှောင်ပြည်သူတချို့ နေရပ်ပြန်လာ နေထိုင်နေကြတာပါ။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပြောခွင့်ရသူ တစ်ဦးကတော့ လတ်တလော အခြေအနေဟာ နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေတာကြောင့် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွဲလာနိုင်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်ပွားရင် ပြည်သူတွေကို စစ်ကောင်စီတပ်က ဓါးစားခံလုပ်လာနိုင်တဲ့အတွက် ပြည်သူတွေ နယ်မြေတည်ငြိမ်အေးချမ်းမှာ နေရပ်ပြန်ကြဖို့ တိုက်တွန်းတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ ရင်းက စစ်ကောင်စီ အခြေချထားတဲ့ ဒီမော့ဆိုမြို့နယ်မှာ ပြန်လည်နေထိုင်နေတဲ့ ဒေသခံတွေ အမြန်ဆုံးထွက်ခွာပေးဖို့နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ရဲ့ နှစ်ဖက် တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂ သိန်းကျော် ထွက်ပြေး တိမ်းရှောင်နေရတာပါ။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – ကရင်နီပြည် ၊ ဒီမော့ဆိုမြို့နယ် ပူဖားရွာက စစ်ဘေးရှောင် ဒုက္ခသည်စခန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.