မော်လမြိုင် ၊ သြဂုတ် (၁၃)
အာဏာသိမ်း စစ်ခေါင်းဆောင်က ၆ လအတွင်း တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရမယ်လို့ ကြွေးကြွော်နေတဲ့အချိန်မှာ ပြည်သူတွေကတော့ တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် မိသားစု ဝမ်းရေးအတွက် ရတက်မအေး ဖြစ်နေရပါတယ်။
ပြည်သူတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း အဆမတန် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် သမုဒ္ဒရာ ဝမ်းတထွာ တိုက်ပွဲကို အလူးအလဲ ဆင်နွှဲနေကြရတာပါ။
ကုန်ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်းမှာ အခြေခံပြည်သူတွေ အများဆုံး စားသုံးနေတဲ့ ဧည့်မထ ဆန်တစ်အိတ်ကိုပင် ကျပ် ၂၀၀၀၀ ကနေ ကျပ် ၄၀၀၀၀ လောက်ထိ ဈေးနှုန်းမြင့်တက်လာသလို၊ စားသုံးဆီ ၅၀ သား တစ်ဗူးကလည်း ကျပ် ၂၀၀၀ ကနေ ၅၀၀၀ နီးပါးထိ ဈေးနှုန်း ခုန်တက်လာတာပါ။
အဲဒီထဲမှာတော့ ပြည်သူတွေ မဖြစ်မနေ စားသုံးနေရတဲ့ ဟင်းသီးဟင်းရွက်အပါအဝင် မီးဖိုချောင်းသုံး ပစ္စည်းတွေကလည်း တရိပ်ရိပ်နဲ့ ဈေးနှုန်း ဆက်လက် မြင့်တက်လာတာပါ။
ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်တာကြောင့် အရင်က မိသားစု ၆ ယောက်ရဲ့ တစ်နေ့ကုန်ကျစရိတ် ကျပ် ၁၀၀၀၀ ဟာ အခုအခါမှာတော့ တစ်နပ်စားရဖို့ မနည်းကြိုးပမ်း ချွေတာလာရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး အိမ်ရှင်မ တစ်ဦးက အခုလိုပဲ ပြောပါတယ်။“အရင်တုန်းက ဆိုလိုရှိရင် တစ်သောင်းနဲ့ မိသားစု (၆)ယောက်လောက် စားလို့ ရတယ်ဆိုရင် အခုဆို ပိုက်ဆံ တစ်သောင်းကို ဒီမနက် တစ်မနက် စာလောက်ပဲ ဖြေရှင်းလို့ ရတဲ့ အနေအထား မျိုးတွေ ဖြစ်နေတယ်၊ ပြီးတော့ ဆန်ဆီဆား အကုန် ဈေးကြီးတာမျိုးတွေ ဖြစ်တဲ့ အတွက် တော်တော်တော့ အခက်အခဲ ဖြစ်တာပေါ့”လို့ ဆိုပါတယ်။
ကုန်ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာငွေတန်ဖိုး ကျဆင်းလာတာ၊ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာ၊ သယ်ယူပို့ဆောင်ရေးနဲ့ အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတဲ့အတွက် ဆက်လက် မြင့်တက်လာတာ ဖြစ်ပါတယ်။
အဲဒီထဲမှာ ပြည်သူတွေ ဝယ်ယူသုံးစွဲနေတဲ့ ထိုင်းကုန်ပစ္စည်းတွေကလည်း တစ်ပတ်အတွင်း ပစ္စည်း တမယ်ကို ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်ထိ ဈေးနှုန်းမြင့်တက်လာတာပါ။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကုန်သည် တစ်ဦးက အခုလိုပဲ ပြောပါတယ်။“ထိုင်းကနေ သွင်းတဲ့ မည်သည့် ကုန်ပစ္စည်းမဆို တစ်ပတ်အတွင်းမှာ (၁၂)ရာခိုင်နှုန်းနဲ့ (၁၅) ရာခိုင်နှုန်း တက်သွားတယ်၊ ဥပမာ လစာ (၁)သိန်းပဲ ရတဲ့သူ ဆိုပါဆို့ သူက တစ်လကို ဆန် တစ်အိတ်ပေါ့နော် ဆီတစ်ပုံးပေါ့ ဝယ်စားမယ် ဆိုလို့ရှိရင် သူ့လစာကို ချိန်ထားတာကွာ၊ ဒါ့ပေမယ့် သူ့လစာမှာက ငွေကြေးတန်ဖိုးတွေ တက်တဲ့ အတွက်ကြောင့်မို့လို့ သူလစာနဲ့ ချိန်ထားတဲ့ နေရာမှာ အရင်တုန်းက ဆန်တစ်အိတ် စားရမယ့် နေရာမှာ အခုဆိုရင် ဆန်အိတ်ရဲ့ ထက်ဝက်ကိုပဲ စားရတော့မယ်။
အရင်တုန်းက ဆီတစ်ပုံး စားရမယ့် နေရာမှာ သူက အခုလောလောဆယ် လက်ရှိ ဆီပုံး တဝက်ကိုပဲ စားရတော့တယ်” လို့ ဆိုပါတယ်။
ပြည်သူတွေဟာ ကုန်ဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေပေမယ့် ရရှိနေတဲ့လစာငွေတွေ တိုးလာတာ မရှိတဲ့အတွက်ကြောင့် ကုန်ပစ္စည်း ဝယ်ယူရာမှာလည်း ထက်ဝက်နီးပါး လျှော့ချဝယ်ယူနေရသလို ချွေတာရေး လမ်းစဉ်ကို ကျင့်သုံးနေကြရပါတယ်။
ကုန်ဈေးနှုန်း ကြီးမြင့်မှု ပြဿနာဟာ အလတ်တန်းစား လူတန်းစားတွေအထိပါ သက်ရောက်မှု ရှိလာသလို အခြေခံပြည်သူတွေဆိုရင် ထမင်းတစ်နပ်လျော့စားရမယ့် အခြေအနေနဲ့ ရင်ဆိုင်လာရပါတယ်။အခြေခံ စားသောက်ကုန်တွေ ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အပေါ် ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီဝန်ထမ်း တစ်ဦးက အခုလိုပဲ ပြောပါတယ်။
“ ကုန်ဈေးနှုန်းတွေက အကုန်လုံး တက်ကုန်တဲ့ အခါကျတော့ ကျွန်တော်တို့ ဒီပုံမှန် လခစားတွေပေါ့ လစာတောင် မလောက်တော့ ဘူးပေါ့၊ အခုဟာ ဆိုလို့ရှိရင် ဘယ်လို ဖြစ်လည်း ဆိုတော့ ရတဲ့ လစာနဲ့ ဒီဝယ်ရတဲ့ ဟာတွေကလည်း အရင်တုန်းက (၁၀၀၀)ဆိုလို့ရှိရင် အခုဟာက (၂၀၀၀)လောက်ထိ ဖြစ်သွားတယ်၊ အဲ့လိုမျိုး ဈေးတွေပေါ့၊ ကြက်ဥ ဆိုလို့ရှိရင် တစ်လုံးကို (၂၀၀) (၂၅၀) အဲ့လိုမျိုး ဖြစ်နေတာ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဆိုလို့ရှိရင်ပေါ့၊ အဲ့တာဆိုတော့ ကျွန်တော်တို့က ကြက်ဥတောင်မှ ပုံမှန် နပ်မမှန် ချင်တော့ သလိုမျိုး ဖြစ်နေတာပေါ့၊ အကုန်ဈေးတက် နောက် စားသုံးဆီတွေကလည်း အကုန်ဈေးတက်တဲ့ အတွက်ကြောင့် ဆီကလည်း တော်တော်ကို ချွေတာပြီး သုံးနေရတာပေါ့၊ အဓိကတော့ ဘာဆိုဘာမှ မလောက်တော့ ဘူးပေါ့၊ သုံးတာနဲ့ ရှာရတာနဲ့ ကုန်ဈေးနှုန်း တက်တာနဲ့ သုံးမလောက်တော့ အဆင်မပြေဘူးပေါ့”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပြည်သူတွေဟာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် ဝင်ငွေနဲ့ ထွက်ငွေမမျှတမှုကို အကြီးအကျယ်ရင်ဆိုင်နေရသလို မိသားစု ဝမ်းရေး အကျပ်အတည်းကို ခါးစည်း ဖြေရှင်းနေရပါတယ်။
ဒါပေမယ့် အာဏာသိမ်း စစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လာမယ့် ၆ လ အတွင်း တိုင်းပြည် တိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ လုံခြုံရေး တင်းကြပ်ထားတဲ့ နေပြည်တော်ကနေ ကြုံးဝါးနေတာပါ။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ အဆိုအရ စစ်တပ် အာဏာသိမ်းထားတဲ့ အခုနှစ်အတွင်း မြန်မာပြည်သူ (၂)သန်းကျော် ဟာ ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်နဲ့ ထပ်မံ ရင်ဆိုင် ရဖို့ ရှိနေတယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်