ညောင်လေးပင် ၊ သြဂုတ် (၁၃)
ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်မှာ အခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ KNLA KNDO တပ်တွေအကြား ထိတွေ့တိုက်ပွဲ (၇)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအ ပါအဝင် အယောက်(၅၀)နီးပါး သေဆုံးခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်(၁၀)ရက်နေ့က ကေအဲန်ယူ-ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ တယ်ပေါနဲ့ကရင်မြက်ရဲကျေးရွာအကြားမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၈)တို့အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က (၉)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့စာရင်းကိုတော့ အတည်ပြုလို့မရသေးဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ဩဂုတ် (၅)ရက်နဲ့ (၆)ရက်နေ့တွေမှာ ကေအဲန်ယူ-မုန်းမြို့နယ် ကြိုးပင်ဆိပ်စစ်ကောင်စီစခန်းမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်ရင်း(၈)တို့အကြား ထိတွေ့ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့သလို ငှက်ပျောတောကျေးရွာအနီးတဝိုက်မှာလည်း ထိတွေ့ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အရာခံဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးသေဆုံးသွားခဲ့တာပါ။
ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် လိန်ပင်နဲ့ ပဲသောင်ကျေးရွာအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA တပ်ရင်း(၉) KNDO တပ်ရင်း(၃)တို့အကြား ပြီးခဲ့တဲ့ဩဂုတ်(၇)ရက်နေ့က ထိတွေ့ တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၃)ဦးသေဆုံးကာ (၆)ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် ဩဂုတ်(၈)ရက်နေ့ကလည်း ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကေအဲန်ယူလက်အောက်ခံတပ်တွေအကြား တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအဆင့်ရှိသူ ဗိုလ်မှူးဝေမျိုးအောင်အပါအဝင် (၂၄)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ ထိခိုက်သေဆုံးမှုများပြားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လေယာဉ်နှစ်စီးနဲ့(၅)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လာရောက်တိုက်ခိုက်တဲ့လေယာဉ်နှစ်စီးကို KNLA KNDO တပ်တွေက ပြန်လည်ပစ်ခတ်ခဲ့လို့ လေယာဉ်တစ်စီးကို ထိမှန်ခဲ့ကာ စက်ချို့ယွင်းသွားတာကြောင့် ကညင်ကျိုးကျေးရွာစာသင်ကျောင်းမှာ ဆင်းသက်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ အထိနာခဲ့တဲ့စစ်ကောင်စီတပ်ဟာ ဩဂုတ်(၁၀)ရက်ကနေ ဒီကနေ့အထိ ကျေးရွာအတွင်းကို လက်နက်ကြီးလက်နက်ငယ်ပေါင်းစုံနဲ့ ပစ်ခတ်လျက်ရှိပြီး ဒီလိုပစ်ခတ်မှုကြောင့် ထိုးဝါးစိုက်ကျေးရွာအတွင်းက ဒေသခံအမျိုးသမီးတစ်ဦးဟာ လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်