သထုံ ၊ သြဂုတ် (၁၂)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ထိန်းချုပ်နယ်မြေအတွင်းက စာသင်ကျောင်းတွေမှာ ကျောင်းသားဦရေ များလာတာကြောင့် စာရေးကိရိယာ၊ စာသင်ခုံ၊ စာသင်ဆောင် အပါအဝင် သင်ထောက်ကူပစ္စည်း မလုံလောက်မှုတွေကို ကြုံနေရတယ်လို့ KNU သထုံခရိုင် ပညာရေးဌာန တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ စာသင်ကျောင်းတွေမှာ စာသင်ကြားနေတဲ့ ကျောင်းသူ၊ကျောင်းသူတွေဟာ KNU ပညာရေးဌာန လက်အောက်ခံ စာသင်ကျောင်းတွေထံ ပြောင်းရွှေ့လာကြတာ ဖြစ်ပြီး အခုနှစ် ပညာသင်နှစ်ထဲမှာပဲ ကျောင်းသားဦးရေ ၅၀၀၀ ထက်မနည်း ပြောင်းရွှေ့ခဲ့ကြတာ ဖြစ်ပါတယ်။

KNU လက်အောက်က စာသင်ကျောင်းတွေမှာ ကျောင်းသားကျောင်းသူတွေ များလာတာကြောင့် စာရေးကိရိယာ၊ စာသင်ခုံ၊ စာသင်ဆောင် အပါအဝင် သင်ထောက်ကူ ပစ္စည်း မလုံလောက်မှု ကြုံနေရသလို ကျောင်းအိပ်ကျောင်စား ကျောင်းသူ၊ကျောင်းသားတွေအတွက် စားနှပ်ရိက္ခာ လိုအပ်ချက် မြင့်မားလာတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး KNU တပ်မဟာ(၁)သထုံခရိုင် ပညာရေးဌာန ဌာနမှူးက အခုလိုပဲ ပြောပါတယ်။

“ နေရာထိုင်ခင်းအတွက် လိုတယ်။ စာရေးခုံတွေ ၊ အဆောက်အဦးတွေ တိုးချဲ့ရတာပေါ့ ။ များသောအားဖြင့် စားနပ်ရိက္ခာတွေ လိုအပ်တာပေါ့ ။ ဘော်ဒါဆောင်မှာ လာနေကျတော့ အစားအသောက် ပိုတိုးချဲ့ရတာပေါ့” လို့ ဆိုပါတယ်။

စာသင်ကျောင်းတွေရဲ့ လိုအပ်ချက်ကို ကရင်အမျိုးသားအစည်းအရုံး KNU က ထောက်ပံ့ကူညီတာတွေ လုပ်ဆောင်နေပေမယ့် လိုအပ်ချက်တွေ ဆက်ရှိနေတယ်လို့ သူက ဆိုပါတယ်။

KNU လက်အောက်က စာသင်ကျောင်းတွေမှာ အထက်တန်းနဲ့အလယ်တန်းအဆင့် ကျောင်းသူ၊ကျောင်းသားတွေကို ကျောင်းအိပ်ကျောင်းစားအဖြစ် ထားရှိထားပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲအခြေနေ၊ လမ်းပန်းဆက်သွယ်ရေး အခက်ခဲ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ကျောင်းအိပ်ကျောင်းစားကလေးတွေအတွက် စားနပ်ရိက္ခာအတွက် အကူအညီတွေ ပိုမို လိုအပ်လာတာ ဖြစ်ပါတယ်။

KNU လက်အောက်ခံ စာသင်ကျောင်းတွေမှာတော့ အစိုးရ သင်ရိုးညွှန်တမ်းတွေ အပါအဝင် KNU ပညာရေးဌာနက ချမှတ်ထားတဲ့ သင်ရိုးညွှန်တမ်းကို အဓိက သင်ကြားနေတာ ဖြစ်ပါတယ်။

KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေထဲမှာ KNU ပညာရေးကျောင်းတွေ အပါအဝင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းပေါင်း ၁၅၀ ကျော် ရှိနေတာ ဖြစ်ပြီး အဲဒီစာသင်ကျောင်းတွေမှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူ၊ကျောင်းသား ၁၀၀၀၀ ကျော် ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – KNU တပ်မဟာ (၂) နယ်မြေ ထန်းတပင်မြို့နယ်မှာရှိတဲ့ ထိုလွီဝါးအထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က တွေ့ရစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.