စစ်တွေ ၊ သြဂုတ် (၁၂)

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့အနေနဲ့ အာဏာသိမ်း စစ်ကောင်စီအလိုကျ ပြည်သူလုထုကို ဆက်လက် ဒုက္ခပေးနေမယ်ဆိုရင် တော်လှန်ရေး လိုအပ်ချက်အရ ရက္ခိတလမ်းစဉ်နဲ့အညီ လိုအပ်သလို ကိုင်တွယ်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက သတိပေးလိုက်ပါတယ်။

သြဂုတ် ၁၁ ရက်နေ့က ပြုလုပ်တဲ့ ရက္ခိုင့်တပ်တော် ULA/AA ရဲ့ စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ခိုင်သုခက အခုလို သတိပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ခိုင်သုခကတော့ စစ်ကောင်စီဟာ သူတို့ကျင့်သုံးနေကျ ဖြတ်လေးဖြတ်ဗျူဟာဖြစ်တဲ့ ငွေကြေးထောက်ပံ့မှု၊ စားနပ်ရိက္ခာနဲ့ ဆေးဝါး ၊ သတင်းအချက်အလက် နဲ့ လူထုနဲ့ပေါင်းစည်းမှု ဖြတ်တောက်ဆိုတဲ့ ဖြတ်လေးဖြတ်ဗျူဟာနဲ့ ရခိုင်ပြည်သူတွေအပေါ် ကျင့်သုံးလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ- အမ်း အဝေးပြေးကားလမ်းမမှာ စစ်ဆေးရေးဂိတ် ၁၅ ခု ထိထားရှိထားပြီး ကားတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေသလို ခရီးသွားလာမှုနဲ့ ကုန်စည်ဆီးဆင်းမှု၊စားနပ်ရိက္ခာ သယ်ယူခွင့်တွေလည်း ကန့်သတ်လာတာပါ။

ဒါကြောင့် ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့အနေနဲ့ အာဏာပြပြီး လုပ်ပိုင်ခွင့်မှာ သာယာနေကာ စစ်ကောင်စီအလိုကျ ရခိုင်လူထုကို ဆက်လက်ဒုက္ခပေးနေမယ်ဆိုရင် တော်လှန်ရေး လိုအပ်ချက်နဲ့ ပြည်သူ့လုံခြုံရေးအရ ရက္ခိတလမ်းစဉ်နဲ့အညီ လိုအပ်သလို ကိုင်တွယ်သွားမယ်လို့လည်း ခိုင်သုက သတိပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနိုင်တဲ့ အရိပ်အရောင်တွေ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.