မော်လမြိုင် ၊ သြဂုတ် (၁၂)
မွန်ပြည်နယ်တဝန်းမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် အိမ်ခြေ ၁၀၀ ကျော် အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ပြည်နယ်အတွင်းမှာ ကားလမ်း ရေကျော်တာနဲ့ မြေနိမ့်ပိုင်း ရပ်ကွက်၊ကျေးရွာတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတာပါ။
လက်ရှိမှာတော့ ရေးမြို့နယ်၊ ဟံဂံကျေးရွာမှာ ရေအမြင့်ပေ ၄ ပေ လောက်ထိ မြင့်တက်လာတဲ့အတွက် အနိမ့်ပိုင်းရပ်ကွက်က အိမ်ခြေ ၁၀၀ ကျော်ဟာ နီးစပ်ရာဆွေမျိုးနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို အရေးပေါ် ပြောင်းရွှေ့နေထိုင်နေကြတာပါ။
ဟံဂံကျေးရွာ ဒေသခံ တစ်ဦးကတော့ ဒီကနေ့ မနက်ပိုင်းကစပြီး အနိမ့်ပိုင်း ရပ်ကွက်က ပြည်သူတွေဟာ မိမိတို့အစီအစဉ်နဲ့ ကိုယ်ထူကိုယ်ထ ပြောင်းရွှေ့နေကြကြောင်းနဲ့ အထပ်မြင့်နေအိမ်က ပြည်သူတွေ ပြောင်းရွှေ့တာ မလုပ်ဘဲ ဆက်လက် နေထိုင်နေတယ်လို့ ပြောပါတယ်။
ဟံဂံကျေးရွာဟာ အိမ်ခြေ ၂၀၀၀ ကျော်ရှိပြီး အခုအခါမှာတော့ နေအိမ် ၁၀၀၀ လောက်ရဲ့ နေအိမ်တွေထဲ ရေတွေ ဝင်ရောက်နေပြီး မိုးဆက်လက်ရွာသွန်းလာပါ ရွှေ့ပြောင်းရမယ့်သူတွေ ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ရေးကြီးရေလျှံတာနဲ့ တောင်မြေပြိုမှုတွေကြောင့် လူပေါင်း ၇၀ ကျော် သေဆုံးထားပြီး သဘာဝဘေးသင့်ပြည်သူ ၂ သိန်းနီးပါး ရှိခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်