မော်လမြိုင် ၊ သြဂုတ် (၁၂)

မွန်လူမျိုးတွေ ရည်မှန်းထားတဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး နွေဦးတော်လှန်ရေးမှာ မွန်ပြည်သူတွေ ပါဝင်ကူညီထောက်ပံ့ပေးကြဖို့ မွန်တော်လှန်ရေးအင်အားစုတွေက ၇၅ နှစ်ပြည့် မွန်တော်လှန်ရေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

သြဂုတ် ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်ပြည့် မွန်တော်လှန်ရေးနေ့မှာတော့ စစ်ကောင်စီကို လက်နက်ကိုင် တိုက်ပွဲဝင်နေကြတဲ့ မွန်တော်လှန်ရေးအင်အားစုတွေက မွန်ပြည်သူတွေကို အခုလို တိုက်တွန်းတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်ကို ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားလူမျိုးအတော်များများက တွန်းလှန်တိုက်ထုတ်နေမှုကို အခွင့်အကောင်းယူပြီး မွန်လူမျိုးတွေလည်း အာဏာရှင်ယန္တရားကို အမြစ်ဖြတ်ဖို့ လိုအပ်တယ်လို့ မွန်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဒါကြောင့် မွန်လူမျိုးတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့အတွက် နွေဦးတော်လှန်ရေးမှာ လူအား၊ငွေအား ထောက်ပံ့ပေးဖို့ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) မြောက်ပိုင်းဒေသ ဦးစီးကော်မတီ တာဝန်ခံ နိုင်ကိုသူက တိုက်တွန်းလိုက်ပါတယ်။

“ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရဖို့အတွက် ဒီအချိန်က တော်လှန်တိုက်ပွဲ ဝင်ရမယ့် အချိန်ဖြစ်တယ်။ လက်ရှိ မွန်တော်လှန်ရေးမှာ အောင်မြင်ဖို့ဆိုရင် လူအားတတ်နိုင်တဲ့သူက လူအားပေါ့၊ ငွေအား တတ်နိုင်တဲ့သူက ငွေအားပေါ့။ပါဝင်ဖို့ လိုတယ်။တော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုက်ပွဲဝင်နေတဲ့ မွန်လူမျိုးတွေ၊ မျိုးချစ်ရဲဘော်တွေကိုလည်း ထောက်ပံ့မှုတွေ လုပ်ပေးကြဖို့ လိုတာပေါ့။တစ်ဖက်မှာလည်း အကြမ်းဖက်စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ အဆက်အသွယ်ဖြတ်ဖို့ အရေးကြီးပါတယ်၊ လိုအပ်ပါတယ်။မိမိတို့ ဘုံရန်သူက ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ဖို့ လိုပါတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူထားတာဟာ အခုဆို ၁၈ လကျော် တိုင်ခဲ့ပါပြီ။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အလျိူလျိူပေါ်ပေါက်လာသလို မွန်ပြည်နယ်မှာလည်း မွန်လူမျိုးကိုယ်စားပြု တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီကို လက်နက် ကိုင် တော်လှန်နေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်၊ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မြောက်ပိုင်း တာဝန်ခံ ဗိုလ်ရန်နိုင်ကတော့ စစ်ကောင်စီယန္တရားကို အမြစ်ဖြတ်ဖို့ လူ၊လက်နက်အင်အား လိုအပ်နေတဲ့အတွက် မွန်လူထုတွေ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးဖို့ မွန်တော်လှန်ရေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

“ဒီပွဲက နောက်ဆုံးတိုက်ပွဲ ဖြစ်ကိုဖြစ်ရမယ်။ဘာကြောင့်လဲဆိုတော့ ဗမာတိုင်းရင်းသားပါဝင်လာပြီ။ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ လက်တွဲပြီးတော့ စစ်ကောင်စီ၊ အာဏာရှင်ယန္တရားကို အမြစ်ဖြတ်ဖို့အတွက် ဒီကနေ့ အကောင်းဆုံးဖြစ်တယ်။ဒါကြောင့်မို့လို့ ဒီနှစ်က အမြစ်ဖြတ်ချေမှုန်းဖို့အတွက် လူထုကို ကျွန်တော်ပန်ကြားချင်တာက ကျွန်တော်တို့မှာ လိုအပ်ချက်တွေ အများကြီး ရှိတယ်။လိုအပ်ချက်က အဓိက လူအင်အား၊ လက်နက်အင်အားပေါ့။ ဒါကြောင့်မို့ တတ်နိုင်တဲ့ဘက်က လူအင်အားမဖြည့်နိုင်လည်းဘဲ ကျွန်တော်တို့အတွက် လက်နက်ခဲယမ်းတွေ ပါဝင်ထောက်ပံ့ပေးဖို့ အထူးပန်ကြား ချင်ပါတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပြည်သူ့အာဏာကို မတရားသိမ်းယူထားတာကြောင့် ဗမာလူမျိုးတစ်စုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ဘဲ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တဲ့အတွက် စစ်ကောင်စီနဲ့ မပူးပေါင်းကြဖို့၊ စစ်တပ်ထုတ်ကုန်တွေကို အားမပေးဖို့ ဗိုလ်ရန်နိုင်က တိုက်တွန်းပါတယ်။

မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) ကလည်း မွန်လူမျိုးတွေအနေနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ အမျိုးသားရေး လွတ်မြောက်ရေးတို့အတွက် မပြီးသေးတဲ့ တော်လှန်ရေးမှာ နိုင်ငံရေးတိုက်ပွဲ၊ လူ့အခွင့်အရေးတိုက်ပွဲနဲ့ စစ်ရေးတိုက်ပွဲတွေနဲ့ နည်းမျိုးစုံ တိုက်ပွဲဝင်ကြဖို့ မွန်လူငယ်အပါအဝင် မွန်လူထုတစ်ရပ်လုံးကို တိုက်တွန်းထုတ်ပြန်ထားပါတယ်။

ဒီနှစ်မှာ ကျရောက်တဲ့ ၇၅ နှစ်ပြည့် မွန်တော်လှန်ရေးနေ့ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွေ အပါအဝင် မွန်လူမျိုးတွေ နေထိုင်ရာ ဒေသအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – (၇၅) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည် ကာကွယ်ရေးတပ် မြောက်ပိုင်းဒေသ (MSDF – NRC) စခန်းမှာ ကျင်းပခဲ့စဥ် ၊

ဓာတ်ပုံ – ( MSDF -RC)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.