ရန်ကုန် – ဩဂုတ်(၁၂)

ကမ္ဘာ့နိုင်ငံအသီးသီးက စစ်အုပ်စုကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်တာနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကလွဲပြီး အမှန်တကယ် အထိနာစေမယ့် အရေးယူဆောင်ရွက်တာတွေကို မတွေ့ ရသေးဘူးလို့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်) က သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာက တောင်းဆိုနေတဲ့ အချက်တွေထဲမှာ မြန်မာပြည်သူလူထုကို စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို မေ့ပျောက်ပြီး စေ့စပ်ဆွေးနွေးဖို့သာ မြင်တွေ့နေရတယ်လို့ ဆိုထားပါတယ်။

“နိုင်ငံတကာရဲ့ အသံထုတ်ဖော်ပြောဆိုမှုနဲ့ ကြေညာချက်တွေထုတ်နေတာလောက်နဲ့ စစ်အုပ်စု အပေါ်မှာ ကြီးကြီးမားမားသက်ရောက်မှု မရှိနေဘူးဆိုတာ ကျွန်တော်တို့ မြင်နေကြရပါတယ်။ အာဆီယံလိုအစုအဖွဲ့မျိုးကလည်း စစ်အုပ်စုကို တချို့သောကိစ္စရပ်တွေမှာ အကာအကွယ်ပေးရင်းနဲ့ ကျွန်တော်တို့ကြားထဲမှာ ပြန်ပြီးတော့ စေ့စပ်ညှိနှိုင်းကြဖို့ဆိုတဲ့ အသံမျိုးတွေထုတ်လာတာ ကိုကျွန်တော်တို့တွေ့နေရပါတယ်။ ဒါက လက်ရှိဖြစ်နေတဲ့ တော်လှန်ရေး ရေချိန်နဲ့ အင်မတန်ကွဲ ပြားနေပါတယ်” လို့ တကသများ-ရန်ကုန် ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် လက်ရှိတော်လှန်ရေးရေချိန်ဟာ စစ်အုပ်စုနဲ့ ပြန်ပြီးတော့ စေ့စပ်ညှိနှိုင်းရေးအတွက် မဟုတ်ဘဲ နိုင်ငံတော်သစ်ထူထောင်ဖို့လုပ်ဆောင်နေတာဖြစ်သလို ပြည်တွင်းအစုအဖွဲ့ တွေ အချင်းချင်းရန်ဖြစ်နေတာ မဟုတ်ပဲ ဓမ္မနဲ့ အဓမ္မ အားပြိုင်တိုက်ခိုက်နေတာဖြစ်တာကြောင့် နိုင်ငံတကာ အနေနဲ့ အမှန်တရားဘက်က ရပ်တည်ဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါသေးတယ်။

ပြည်သူလူထုကို ဖိနှိပ်နေတဲ့ စစ်အုပ်စုဟာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုကို သတ်ဖြတ်နေတာ၊ မတရားအကျဉ်းချတာ၊ နှိပ်စက်သတ်ဖြတ်တာတွေကို ကျူးလွန်နေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊စစ်ရာဇဝတ်မှုတွေ၊အကြမ်းဖက်ဖိနှိပ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန် နေသလို ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ရဲဘော်တွေကိုလည်း သေဒဏ်ပေးပြီး လူ့စွမ်းအား အရင်းအမြစ်တွေဆုတ်ယုတ်အောင်ကြိုးစားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေကို သေဒဏ်ပေးခဲ့တာဟာ ထောင်တွင်းလူသတ်မှု ကျူးလွန်တာ ဖြစ်သလို သေဒဏ်(ကြိုးပေး) တယ်လို့ဆိုပြီး လူသတ်မှုတွေ ဆက်လက်ကျူးလွန်လာနိုင်ခြေရှိနေပြီး ပြည်သူတွေကို တရားမဲ့ ဖမ်းဆီးသတ်ဖြတ်နေတာဟာ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ရမ်းကားမိုက်မဲမှုဖြစ်တယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ သူတို့ရဲ့ လုပ်ငန်းစဉ်အတိုင်း ဖိနှိပ်ရက်စက်မှုတွေကို ကျူးလွန်နေပေမယ့် အဲ့ဒီကန့်သတ်မှုတွေကြောင့် တော်လှန်လိုစိတ် တော်လှန်ရေးကို လျော့ကျသွား မယ်ဆိုရင် မြန်မာပြည်သူလူထုရဲ့ လွတ်လပ်ရေးမှာ အလှမ်းဝေးနေဦးမှာ ဖြစ်တယ်လို့ တကသများ-ရန်ကုန် ကသတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.