ဒီမော့ဆို ၊ သြဂုတ် (၁၂)

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်ကစပြီး တိုက်ပွဲမရှိလည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေနဲ့ စစ်ရှောင်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့ကလည်း တိုက်ပွဲမရှိတဲ့ လွိုင်လင်လေးမြို့ နယ်၊ တီးလုံအုပ်စု၊ ဒေါပါပါးကျေးရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ၃ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကျေးရွာဆေးပေးခန်း ထိခိုက်ပျက်စီးခဲ့ပြီး အသက် ၇၀ အရွယ် အမျိုးသားအပါအဝင် ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာလည်း ဒီမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၁၃နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးနဲ့ အဖေဖြစ်သူ သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ရှောင်အရေးကူညီနေသူ တစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းကာတွေမှာ လက်နက်ကြီးအပြင် လေယာဉ်တွေ အသုံးပြုပြီး အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် အရပ်သားပြည်သူအနေနဲ့ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် ဗုံးခိုကျင်းတွေ တည်ဆောက်ထားကြဖို့ စစ်ရှောင်အရေးကူညီနေသူတွေက တိုက်တွန်းထားပါတယ်။

ကရင်နီပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ ၂ သိန်းကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ဘေးရှောင် ကရင်နီ ပြည်သူများ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.