မော်လမြိုင် ၊ ဩဂုတ်(၁၁)

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီး ဝါဒကို ဖယ်ရှားဖို့အပါအဝင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်သွားဖို့ အကောင်း ဆုံးအချိန်ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ နိုင်ဟံသာက ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ဩဂုတ်လ(၁၁) ရက် ဝါခေါင်လပြည့်နေ့မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက် မွန်တော်လှန်ရေး နေ့အထိမ်းအမှတ်အတွက် မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဌ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထား တာပါ။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီး မဟာဝါဒီနိုင်ငံရေးသမားတွေဖြစ်တဲ့ ဗမာလူမျိုးတွေ လက်ဝါးကြီးအုပ်ပြီး ပြည်ထောင်စုအမည်ခံပေမယ့် တကယ်တမ်းမှာ ဗမာလူမျိုးတစ်ခုတည်း ကသာနိုင်ငံရေးလုပ်ဆောင်လာခဲ့တာဖြစ်တဲ့အတွက် တခြားသောတိုင်းရင်းသားလူမျိုးစုတွေ လက်မခံဘဲ ပြည်တွင်းစစ်ဖြစ်ပေါ်နေတာ နှစ်ပေါင်း(၇၅) နှစ်ပြည့်လာခဲ့ပြီဖြစ်တယ်လို့ နိုင်ဟံသာ ကဆိုထားပါတယ်။

စစ်ကောင်စီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲအကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁) ရက်နေ့မှာ အာဏာသိမ်းလိုက်တာကို ဗမာလူမျိုးတွေ စစ်အာဏာရှင်စနစ်ဒဏ်ကို မခံနိုင်တော့ပဲ နေရာအနှံ့ဆန္ဒပြခဲ့ကြတာကို စစ်တပ်က ရိုက်နှက်နှိပ်စက်ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးပြီး ထောင်ထဲထည့်နေသလို ပြည်သူပိုင်နေအိမ်တွေကိုလည်း မီးရှို့ခဲ့ကြတာပါ။

အဲ့ဒီလိုဖိနှိပ်ခံနေရတဲ့ ဆန္ဒပြပြည်သူတွေဟာ တောထဲမှာ လက်နက်ရှာပြီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ တိုက်ပွဲဝင်လာခဲ့ကြတာနေရာအနှံ့ရှိလာပြီဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ကြမ်းကြုတ်မှုတွေကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းနဲ့ နိုင်ငံကြီးတွေ က လက်မခံနိုင်ဘဲ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံနေသလို အာဏာသိမ်းစစ်အုပ်စုအပေါ် ဆန့်ကျင်ရှုတ်ချမှုတွေလုပ်ဆောင်လာတာဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေအခြေအနေဟာ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒကိုဖယ်ရှားဖို့ စစ်မှန် တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်သွားဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ နိုင်ဟံသာ က ပြောဆိုခဲ့တာပါ။

လက်ရှိအချိန်မှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့ ဗမာလူမျိုးတွေကလည်း တိုင်းရင်းသားလူမျိုးစုတွေရဲ့ အမြင်သဘောထားတွေကို သိရှိပြီး စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့ လက်ခံလာကြတာဖြစ်တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေးပြဿနာတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုမပြင် ဆင်ပဲ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်နိုင်သရွေ့ ငြိမ်းချမ်းတိုးတက်နိုင်ဖို့ လမ်းစ မမြင်မိဘူးလို့ နိုင်ဟံသာက ပြောပါတယ်။

လူမျိုးတစ်မျိုးမှာ ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်တဲ့ တပ်မရှိရင် တခြားလူတွေရဲ့ အနိုင်ကျင့်နှိပ်ချနိုင်တဲ့အတွက် လူမျိုးပျောက်ကွယ်သွားနိုင်လို့ မွန်တစ်မျိုးသားလုံး ညီညာစွာ လက်တွဲနိုင်ဖို့ ရဲရဲရင့်ရင့် တိုက်ပွဲဝင် လှုပ်ရှားသွားကဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါကြောင့် မိမိတို့ရဲ့ တပ်ကို အင်အားခိုင်မာတောင့်တင်းလာဖို့ ပြည်တွင်းပြည်ပမှာ ရောက်ရှိနေ ကြတဲ့ မွန်လူမျိုးတွေအနေနဲ့ အမျိုးသားရေးတာဝန်ကျေပြွန်စေဖို့ ကိုယ်နဲ့ သင့်တော်ရာမှာ တာဝန်ထမ်းဆောင်ကြဖို့လည်း နိုင်ဟံသာက တိုက်တွန်းထားပါတယ်။

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီကလည်း မွန်ပြည်သစ်နဲ့ စစ်မှန်တဲ့ ပြည်ထောင် စု အကောင်အထည်ဖော်တည်ဆောက်နိုင်ဖို့ မွန်တစ်မျိုးသားလုံး မိမိတို့ပါတီ၊ မိမိတို့တပ် အောင်နိုင်တဲ့ စိတ်ဓာတ်ကို အရယူပြီး ဇွဲ၊ဝီရိယ ခိုင်ခိုင်မာမာနဲ့ ညီညွတ်ရေးရှိရှိ တိုင်းရင်းသား ပြည်သူတွေနဲ့ အတူတကွ ဆက်လက်တိုက်ပွဲဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.