မော်လမြိုင် – ဩဂုတ်(၁၁)

ကိုယ်ပိုင်အခွင့်အရေးအတွက် ကိုယ်တိုင် တိုက်ယူမှ ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ မွန်လူမျိုး အလုပ်သမား ဝန်ကြီး နိုင်သုဝဏ္ဏက ပြောဆိုလိုက်ပါတယ်။

ဒီနေ့ဩဂုတ်လ(၁၁) ရက်နေ့မှာ ကျရောက်တဲ့ မွန်အမျိုးသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် လက်နက်ကိုင်တော်လှန်ခြင်း(၇၅) နှစ်ပြည့် မှာ ပြောဆိုခဲ့တာပါ။ “ရဲမွန်အပေါင်း တို့ ကိုယ်ပိုင်အခွင့်အရေးကို ကိုယ်တိုင် တိုက်ယူမှ ရမယ်။ယွံသ္ဂံင်တအ်…..အခေါင်အရာဇကုဂှ်ဇကုဟေင် ဗ္တိုက်ကေတ်မှ ဂွံရောင်။” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ထားပါတယ်။

မွန်လူမျိုးတွေဟာကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ သီးခြား မွန်ပြည်နယ်တရပ်ပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆိုနည်းနဲ့ မရနိုင်တဲ့အတွက် မွန်မျိုးချစ်လူငယ်တွေက လက်နက်စွဲကိုင်တော်လှန်ခဲ့ကြတာဖြစ်ပါတယ်။

ခေတ်အဆက်ဆက်က ဒီနေ့ အချိန်ထိ အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးတို့အတွက် တွန်းလှန် တိုက်ပွဲဝင်ခဲ့ကြတဲ့ မွန်လူမျိုးတွေရဲ့ တန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေး ရည်မှန်ချက်တွေအောင်မြင်ဖို့အတွက်လည်း ဝန်ကြီးက ဆုတောင်းပေးခဲ့ပါတယ်။

မွန်အမျိုးသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ သူ့အလိုအလျောက်ပေါ်ပေါက်လာတာမဟုတ် ဘဲ ဖိနှိပ်မှုတွေကြောင့် တော်လှန်ရေးပေါ်ပေါက်လာရတာဖြစ်တယ်လို့ ဝန်ကြီးက ပြောဆိုထားပါ တယ်။

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရထိပ်ပိုင်းတာဝန်ယူထားတဲ့ မွန်လူမျိုး သုံးဦးထဲမှာ အလုပ်သမားဝန်ကြီးအဖြစ်တာဝန်ယူထားတဲ့ နိုင်သုဝဏ္ဏဟာ ရာထူစဉ် အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Nai Suwunna

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.