ကော်သူးလေ ၊ ဩဂုတ်(၁၀)

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် အရပ်သား သေဆုံးမှု မြင့်တက်လာတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်နဲ့နယ်ခြားစောင့်တပ် BGF တပ်တွေက စစ်ရေးဝင်ရောက်လှုပ်ရှားပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စဉ်ဆက်မပြတ်ပြုလုပ်နေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့နဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲ လေကြောင်း ပစ်ခတ်တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ မြေမြှုပ်မိုင်းထောင်တာနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဇူလိုင်လထဲမှာ အရပ်သား ၁၉ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အရပ်သား သေဆုံးမှုဟာ ပြီးခဲ့တဲ့ ဇွန်လနဲ့ နှိုင်းယှဉ်ရင် ပိုမိုမြင့်တက်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် နေအိမ်အလုံး(၄၀)နီးပါးနဲ့ ဆိုင်ကယ်စက်ဘီး (၂၅)စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံပြည်သူတွေကိုလည်း ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တာတွေသာမက လမ်းပြနဲ့ လူသားဒိုင်းအဖြစ် ခိုင်းစေအသုံးပြုခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

အရပ်သားထိခိုက်သေဆုံးမှု၊ ဖမ်းဆီးခံရမှုနဲ့ နေအိမ်ပျက်စီးမှုတွေဟာ ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေအတွင်းမှာ အဖြစ်များဆုံးဖြစ်တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။

အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကေအဲန်ယူ-ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်မှာ ထွက်ပြေးတိမ်းရှောင်ရသူ ၉၄၀၀၀ ကျော် ၊ ညောင်လေးပင်ခရိုင်မှာ ၆၀၀၀၀ ကျော် အပါအင် ခရိုင်(၆)ခုထဲမှာလည်း ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံပြည်သူ များစွာရှိနေတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ အဆိုအရ ကေအဲန်ယူအုပ်ချုပ်နယ်မြေထဲက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံ ၃ သိန်းကျော်ထိ ရှိလာပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.