ဘီးလင်း ၊ ဩဂုတ်(၉)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်က တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ရေး ဝင်ရောက် လှုပ်ရှားလာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့ကစပြီး နယ်မြေရှင်းလင်းရေးအတွက်ဆိုကာ ဘီးလင်းမြို့နယ် သပြေနီ၊ အလူးကြီး၊ ဖိုးဝါးသိမ်၊ ညောင်ထောက်၊ မရမ်းကုန်းနဲ့တောင်စွန်းကျေးရွာတွေဘက်မှာ စစ်ရေး ဝင်ရောက် လှုပ်ရှားလာတာ ဖြစ်ပါတယ်။

စစ်ရေး ဝင်ရောက် လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေအတွင်း ဝင်ရောက် မွှေနှောက်ပြီးနောက် မသင်္ကာတဲ့သူတွေလည်း စစ်ဆေးမေးမြန်းတာတွေ ရှိနေတာပါ။

စစ်ကောင်စီတပ်ရဲ့ အခုလို စစ်ရေး ဝင်ရောက်လှုပ်ရှားမှုကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ရေးဝင်ရောက် လှုပ်ရှားလာတဲ့ ကျေးရွာတချို့ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲက ကျေးရွာတွေလည်း ပါဝင်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း KNU စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

KNU သထုံခရိုင် တာဝန်ရှိသူ တစ်ဦးကတော့ စစ်ကောင်စီတပ်ဘက်က စစ်ရေး ဝင်ရောက် လှုပ်ရှားလာတာကြောင့် နှစ်ဖက် စစ်ရေး တင်းမာနေပြီး အချိန်မရွေး တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနိုင်တယ်လို့ ပြောပါတယ်။

KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.