မော်လမြိုင် – ဩဂုတ်(၉)

နွေဦးတော်လှန်ရေးအဆုံးသတ် အမြစ်ဖြတ်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ အတွက် အမျိုးသားညီညွတ်ရေးအစိုးရမှာ ဘဏ္ဍာငွေလိုအပ်ချက်တွေရှိနေတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ဩဂုတ်လ(၉) ရက်နေ့ မနက်(၁၀) နာရီမှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(၆၃) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ အခုလိုပြောဆိုခဲ့တာပါ။

“ကျွန်တော်တို့ အစိုးရဟာ တော်လှန်ရေးအစိုးရတစ်ရပ် ဖြစ်တာကြောင့် ဘဏ္ဍာငွေတွေ စီမံခန့်ခွဲ သုံးစွဲရတာ အင်မတန် အခက်အခဲ ရှိပါတယ်။ ဘဏ္ဍာငွေရှာဖွေမှုအပိုင်းမှာလည်း ပုံမှန်ကာလ အစိုးရတွေလို အခွန်ဘဏ္ဍာတွေက ပုံမှန်ရရှိ နေတာမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံတွင်းက ပြည်သူ တွေနဲ့ ကမ္ဘာအနှံ့က မြန်မာ ပြည်သူပြည်သားတွေ အခက်အခဲကြားက တော်လှန်ရေးအပေါ် ယုံယုံကြည်ကြည် စိတ်ဓာတ်ပြင်းပြစွာနဲ့ လှူဒါန်းပေးနေကြတဲ့ ပြည်သူ့လှူဒါန်းငွေ အဓိကနဲ့ ရုန်းကန် လှုပ်ရှားနေကြရတာ ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် ရှေ့ဆက်လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေများပြားလာတဲ့အတွက် ဘဏ္ဍာငွေ လိုအပ်မှု တွေလည်း ပိုများလာမှာ ဖြစ်ပြီး ရရှိလာတဲ့ ဘဏ္ဍာငွေတွေကို စနစ်တကျ ထိထိရောက်ရောက် စီမံခန့်ခွဲကြဖို့လည်း အရေးကြီးတယ်လို့ ပြောပါသေးတယ်။

လက်ရှိအချိန်ထိ တော်လှန်ရေးကို အရှိန်ပြင်းပြင်းနဲ့ ရှေ့ဆက်နေနိုင်တာဟာ စီမံကိန်း၊ဘဏ္ဍာရေး နဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာနရဲ့ နည်းလမ်းမျိုးစုံ၊ ခေါင်းစဉ်မျိုးစုံနဲ့ ရံပုံငွေရှာဖွေရေးနည်းလမ်း တွေကို ကြိုးပမ်းဆောင်ရွက်နေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ အုပ်ချုပ်ရေးအကောင် အထည်ဖော်နေတဲ့ ဒေသတွေဘက်မှာ အုပ်ချုပ်ရေး လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ ကြိုးစားနေပြီး လိုအပ်ချက်တွေ ရှိနေသေးတယ်လို့တော့ ဝန်ကြီးချုပ်က ဝန်ခံထားပါတယ်။

စစ်ကိုင်းတိုင်းဘက်က ကျေးရွာတွေမှာ အာဏာသိမ်းစစ်ကောင်စီက ကျေးရွာတွေကို မီးရှို့တာ၊ လူတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ ဆိုးရွားတဲ့ လုပ်ရပ်တွေကို ရပ်တန့်အောင် လုပ်ဆောင်ဖို့ အတွက် ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.