မော်လမြိုင် ၊ သြဂုတ် (၁၀)

မော်လမြိုင်မြို့အနီးမှာ အကောင်အထည်ဖော် တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်း မြေနေရာအတွက် ဒေသခံတွေ နစ်နာမှု မရှိစေရေး ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီ (MUP)က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတကာအဆင့်မီ လေဆိပ်ကို မုဒုံမြို့နယ်၊ကော့ပရံကျေးရွာအနီးမှာ တည်ဆောက်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို မုဒုံမြို့နယ်ရဲ့ ပင်လယ်ထွက်ပေါက်နဲ့နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာတို့ကြားမှာ တည်ဆောက်သွားဖို့ မြေနေရာတွေ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ နိုင်ငံတကာအဆင့်မီ လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်းကြောင့် လယ်ယာမြေတွေ သိမ်းဆည်းခံရမှာကို စိုးရိမ်နေကြတာပါ။

လေဆိပ်နဲ့ဆိပ်ကမ်း စီမံကိန်းကြောင့် မြေယာသိမ်းဆည်းမှုတွေ ရှိလာနိုင်ပေမယ့် တောင်သူတွေ နစ်နာမှု မရှိစေရေးအတွက် လယ်ယာမြေသိမ်းဆည်းမှုဆိုင်ရာ ဥပဒေနဲ့အညီ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီ (MUP) ပြောခွင့်ရ နိုင်သန်းရွှေက ပြောပါတယ်။

“ကျွန်တော်တို့MUP အနေနဲ့ လယ်ယာမြေကော်မတီတွေ ရှိတယ်။အဲဒီကော်မတီကနေ လယ်ယာမြေသိမ်းဆည်းမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအတိုင်း တောင်သူတွေ အကျိုးခံစားခွင့် ရရှိအောင် ကြိုးစားပြီး လုပ်ဆောင်နေတယ်။ လယ်ယာမြေဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း လျော်ကြေးက ဘယ်လိုရရှိမယ်ဆိုတာ ဥပဒေအတိုင်း အကျိုးခံစားခွင့် ရအောင်လို့ ကျွန်တော်တို့ ကြိုးစားပြီး လုပ်ဆောင်သွားမှာပေါ့”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီကတော့ မော်လမြိုင်မြို့ အနီးမှာ နိုင်ငံတကာ အဆင့်မီ လေဆိပ်နဲ့ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်တဲ့ စီမံကိန်းအကောင်အထည်ဖော်ရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

အဲဒီစီမံကိန်းဆောင်ရွက်ဖို့ လိုအပ်တဲ့ မြေသိမ်ဆည်းရေး အပါအဝင် လျှပ်စစ်မီး ရရှိရေး၊ ချဉ်းကပ်လမ်းနဲ့ တခြားလမ်းပိုင်းဆိုင်ရာ တည်ဆောက်ရေး၊ ဘဏ္ဍာငွေ လျာထားရရှိရေးနဲ့ အခြားလိုအပ်တဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ညွန်ကြားထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စီမံကိန်းအတွက် မြေဧကပေါင်း ၄၆၀၀ ကျော် လျာထားတယ်လို့ မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးအောင်ကြည်သိန်းက ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့မှာ သံလွင်တိုင်းမ်ကို ပြောဆိုထားတာပါ။

ဒါပေမယ့် စီမံကိန်း သတ်မှတ်မြေနေရာအတွက် မြေယာလျော်ကြေး ပေးချေဖို့ တွက်ချက်ထားတဲ့အဆင့်သာ ရှိသေးကြောင်းနဲ့ တစ်ဧကကို လျော်ကြေးဘယ်လောက်နှုန်း ပေးဆောင်မလဲဆိုတာ မသတ်မှတ်ရသေးဘူးလို့ ပြောပါတယ်။

မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီကတော့ စစ်ကောင်စီရဲ့ စီမံကိန်းဟာ လူတစ်စုကောင်းစားရေး အာဏာရှင်စီမံကိန်းမျှသာ ဖြစ်ကြောင်းနဲ့ တရားဝင်အစိုးရ မဟုတ်တာကြောင့် သူတို့ရဲ့ မြေယာသိမ်းဆည်းတာ၊ ရောင်းချတာနဲ့ လက်ပြောင်းလက်လွှဲပြုတာတွေ တရားမဝင်ဘူးလို့ ပြီခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့ မွန်လူမျိုးကိုယ်စားပြု ပြည်နယ်အခြေစိုက် တိုင်းရင်းသားနိုင်ငံရေးပါတီ တစ်ခုဖြစ်ပြီး လက်ရှိမှာတော့ ပါတီကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးနဲ့ နိုင်လယိတမတို့ဟာ စစ်ကောင်စီရဲ့ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်တို့မှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.