ဒီမော့ဆို – ဩဂုတ်(၉)

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ ကရင်နီအမျိုးသားခုခံတော်လှန်ရေးအောင်ပွဲအမြန်ဆုံးရရှိရေးအတွက် ကရင်နီတော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ဒီနေ့ ဩဂုတ်လ(၉) ရက်နေ့မှာ ကျရောက်တဲ့ (၇၄)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန် ရေးနေ့အတွက် သဝဏ်လွှာပေးပို့ခဲ့တာပါ။

လွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီရဲ့ သဘောထားဆန္ဒဆုံးဖြတ်ချက်မပါဝင်ပဲ တချို့သော ကရင်နီခေါင်းဆောင်တွေက ဖဆပလ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဖို့ လက်မှတ် ရေးထိုးခဲ့တဲ့အတွက် ကရင်နီပြည်ဟာ မြန်မာပြည်အတွင်းပါဝင်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် ဖဆပလ တပ်တွေက ကရင်နီပြည်ထောင်စုကောင်စီရုံး စိုက်ရာ မန်းလာ(မြလဲ) ရွာကို ၁၉၄၈ ခုနှစ်ဩဂုတ်လ(၉) ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လွတ်လပ်တဲ့ ကရင်နီပြည်ပြန်လည်တည်ထောင်ရေးအတွက် ကရင်နီခေါင်းဆောင်တွေက မြန်မာ ပြည် ဖဆပလ အစိုးရကို လက်နက်ကိုင်ခုခံတော်လှန်ရေးနဲ့ စတင်ဆင်နွှဲခဲ့ပြီး အဲ့ဒီနေ့ကို ကရင်နီ အမျိုးသားခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပလာတာဖြစ်ပါတယ်။

စစ်ကောင်စီက တိုင်းပြည်အာဏာမတရားသိမ်းပိုက်ဖို့ကြိုးပမ်းတဲ့ နောက်ပိုင်းမှာလည်း ကရင်နီ ပြည်သူလူထုဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရြ့ လူမဆန်တဲ့ ရက်စက်မှုတွေကို ခံခဲ့ရပြီး အပြစ်မဲ့ ပြည်သူလူထုကို မတရားဖမ်းဆီးသတ်ဖြတ်ပြီး အိုးအိမ်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦး တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်စီးမှုတွေဟာလည်း လက်ခံနိုင်ဖွယ်ရာမရှိတဲ့ အကြမ်းဖက် မှုတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီ တမျိုးသားလုံးနဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့ မတရားအာဏာ သိမ်းအုပ်ချုပ်ဖို့ ကြိုးပမ်းမှုကို လက်မခံဘဲ ဆန့်ကျင်တော်လှန်နေကြတာ မြင်ရတဲ့ အတွက် ဝမ်းမြောက်ဂုဏ်ယူရတယ်လို့ NUG က ဆိုထားပါတယ်။

တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ခုခံတော်လှန်စစ် ဆင်နွှဲလာခဲ့တဲ့ နှစ်ပေါင်း(၇၄) နှစ်အတွင်း ကရင်နီအမျိုးသားခေါင်းဆောင်၊တပ်ဗိုလ်၊တပ်မှူး တပ်သားနဲ့ ပြည်သူလူထုရဲ့ အသက်ပေါင်းများစွာပေးဆပ်ခဲ့ရတာတွေအတွက် အမှတ်ရလျက် လေးစားဦးညွှတ် အလေးပြုအပ်ပါသည် လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.