ဒီမော့ဆို ၊ သြဂုတ် (၁၀)

၇၄ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့နဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့က အကျဉ်းသား ၇ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ညွန်ကြားချက်အရ အကျဉ်းသား ၇ ဦးကို လူသားချင် စာနာထောက်ထားမှုအနေနဲ့ ခံဝန်လက်မှတ်ရေးထိုးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်လိုက်တာလို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်လိုက်တဲ့ အကျဉ်းသားတွေဟာ ခိုးမှု၊လုယက်မှု အပါအဝင် မူးယစ်ဆေးဝါးမှုတွေနဲ့ ဖမ်းဆီးထားတဲ့သူတွေ ဖြစ်ပြီး သူတို့ကိုတော့ သြဂုတ် ၉ ရက်နေ့က ဖမ်းဆီးထားတဲ့ အကျဉ်းစခန်းတွေကနေ ပြန်လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်မ်းကို ပြောပါတယ်။

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ဖမ်းဆီးထားတဲ့ အကျဉ်သား ၂၄ ဦးကို ခံဝန်လက်မှတ်ရေးထိုးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ထားပါတယ်။

ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး လက်ရှိမှာတော့ အကျဉ်သား ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတာပါ။

အဲဒီထဲမှာတော့ စစ်ကောင်စီသတင်းပေးတွေ၊ စစ်ကောင်စီထောက်တိုင် Non CDM တွေ၊ မူးယစ်ဆေးဝါးမှု၊ ခိုးမှု လူယက်မှုတွေနဲ့ ဖမ်းဆီးထားတဲ့သူတွေလည်း ပါဝင်ပါတယ်။

ဖမ်းဆီးထားတဲ့သူ အများစုကိုတော့ အကျယ်ချုပ်သဘောနဲ့ နေရာတစ်ခု သတ်မှတ်ပေးထားပြီး မိသားစုနဲ့လည်း ဖုန်းပြောဆိုခွင့်ပေးအပ်ထားတယ်လို့ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – ကရင်နီရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.