မော်လမြိုင် – ဩဂုတ်(၁၀)
ကချင်တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ကချင်လူမျိုး တွေအပါအဝင် မြန်မာနိုင်ငံတိုင်းရင်းသားအားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ကို တည်ဆောက်သွား မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဒီနေ့ ဩဂုတ်လ(၁၀) ရက်နေ့မှာ ကျရောက်တဲ့ (၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့ ကို ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပါ။
ကချင်တော်လှန်ရေးဟာ ဦးမကျိုးဘဲ (၄၇) နှစ်တိုင်တိုင် ဆင့်ကဲပြောင်းလဲ တာဝန်ထမ်းရွက်မှုနဲ့ ကချင့်တော်လှန်ရေးတပ်ဦးဖြစ်တဲ့ KIO/KIA ကို ညီညွတ်စွာ စုစည်းပြီး ဆက်လက် ဦးဆောင်ချီတက် ခဲ့တာဟာ လေးစားဂုဏ်ယူဖွယ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွတ်လပ်ရေး အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးရည်မှန်းချက် တွေကို အကောင်အထည်ဖော်ဖို့ ကချင်အမျိုးသားခေါင်းဆောင်ကြီးတွေ ကိုမလိုမုန်းထားသူရန်သူ ဘက်က ကချင်တို့ရဲ့ တော်လှန်ရေးခရီးစဉ်ကို မှေးမှိန်ပျောက်ကွယ်စေလို တဲ့အတွက်လုပ်ကြံသတ် ဖြတ်ခံရတဲ့နေ့ကို အောက်မေ့တဲ့အနေနဲ့ ကချင်အာဇာနည်နေ့ အဖြစ် ကျင်းပ လာတာ(၄၇) နှစ်ရှိပြီဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ က ခေတ်အဆက်ဆက် တိုင်းရင်းသားလူမျိုးတွေရဲ့ နိုင်ငံရေး အရ ရပိုင်ခွင့် အခွင့်အရေးတွေကို လျစ်လျူရှုကာ လက်နက်အားကို အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းပြီး ကချင်လူမျိုးတွေအပါအဝင် တိုင်းရင်းသားလူမျိုးအားလုံးလိုလာတဲ့ အမျိုးသားတန်တူရေး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီ အပြည့်အဝ အာမခံတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ သန္နိဌာန်ချထားတဲ့ အစိုးရဖြစ်တယ်လို့ ဆိုပါတယ်။
သတင်း – သံလွင်တိုင်းမ်