မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ တမူးမြို့မှာ အကြမ်းဖက် PDF ၂ ဦး အသေဖမ်းမိ” ဆိုတဲ့ သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သြဂုတ်လ ၈ရက်နေ့မှာ စစ်တပ်ထောက်ခံသူတွေက လူမှုကွန်ယက်စာမျက်နှာ ဖေ့ဘွတ်စ်နှင့် တယ်လီဂရမ်ချန်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေထားတဲ့ ပိုစ့်အပြည့်အစုံမှာတော့ ” တမူးမြို့၌ အကြမ်းဖက် PDF ၂ ဦးအသေဖမ်းမိ” ခေါင်းစဥ်နဲ့ ၊ တမူးမြို့၊ မြို့မ(၁၂-ခ)ရပ်ကွက်၊ ပါဟဲ တံတား၌ လုံခြုံရေး ဆောင်ရွက်နေစဉ် တံတာအားဖြတ်သန်းလာသော ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲမောင်းနှင်ထွက်ပြေးသွားသဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ ပဒတ်ကင် ၂ ကင်နှင့်အတူ လက်လုပ်မိုင်း ၁ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး တို့အား သိမ်းဆည်းရမိခဲ့” ဆိုပြီး ဓာတ်ပုံအချို့နဲ့ အတူ ရေးသားဖြန့်ဝေခဲ့တာပါ။

အဆိုပါ အကြောင်းအရာကို သံလွင်တိုင်းမ်မှ စီစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေက သတင်းမှားဖြန့်ဝေနေတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဖြစ်စဥ်အမှန်မှာ တမူးမြို့မှာ စစ်အုပ်စုက ဆိုင်ကယ်စီးလာသူ အရပ်သားနှစ်ဦးကို ပစ်သတ်ပြီး PDF တွေမို့ သတ်တာဖြစ်ကြောင်း သတင်းမှားတွေ ဖြန့်နေတာဖြစ်တာကို သံလွင်တိုင်းမ်မှ စီစစ်တွေ့ရှိရပါတယ်။

ဖြစ်စဥ်အမှန်မှာ အိန္ဒိယ – မြန်မာ နယ်စပ်၊ စစ်ကိုင်းတိုင်း တမူးမြို့မှာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်ကောင်စီ လက်ပါးစေ ပျူစောထီးအဖွဲ့က ဆိုင်ကယ်စီး သွားလာနေသူ နှစ်ဦးကို ဖမ်းဆီးပြီး နှာဖူးကို သေနတ်နဲ့ တေ့ကာ ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ MandalayFreePress(MFP) သတင်းဌာနက ဒေသခံ သတင်းရင်းမြစ်တွေကို မေးမြန်းကာ ဖော်ထုတ်ရေးသားထားတာ တွေ့ရပါတယ်။

ပြည်သူနှစ်ဦးကို နဖူးတေ့ပြီး ပစ်သတ်ခဲ့တာနဲ့ ပတ်သက်ပြီး PDF တွေမို့ သတ်တာလို့ တမူးမြို့ကို ကွပ်ကွဲနေတဲ့ မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က ဝါဒဖြန့် သတင်းထုတ်ပြန်ခဲ့တာဖြစ်ကြောင်း MandalayFreePress(MFP) သတင်းဌာနက ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်သတ်ခဲ့သည့် တမူးမြို့ မြို့မရပ်ကွက်(၁၂-ခ)မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၊ ပျူစောထီးတွေ လုံခြုံရေးယူထားတဲ့နေရာဖြစ်တဲ့အတွက် တမူးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အခုလို မိုက်မဲတဲ့ အလုပ်မျိုးလုပ်မှာမဟုတ်ဘူးလို့ Chin Worldသတင်းဌာနကလည်း ဒေသခံ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရေးသားထားပါတယ်။

တမူးမြို့ မြို့မရပ်ကွက်(၁၂-ခ)မှာ အရပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်တာဆိုရင် အခုနဲ့ဆိုရင် (၃)ယောက်မြောက်ရှိပြီး ဖြစ်ပါတယ်။

အလားတူဖြစ်ရပ်ကဲ့သိုပင် ဇူလိုင်လ(၃၁)ရက်နေ့မှာလည်း ကွမ်းယာထွက်ဝယ်နေတဲ့ ကိုမြင့်မောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ကြတယ်လို့ Chin Worldသတင်းဌာနက ဖော်ထုတ်ရေးသားထားတာ တွေ့ရပါတယ်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်ပြီး ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုကို အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

MandalayFreePress(MFP)သတင်းဌာန https://www.facebook.com/101398252213669/posts/208653888154771/Chin World သတင်းဌာန https://m.facebook.com/story.php?story_fbid=437614485067555&id=100064570214540ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ ” တမူးမြို့မှာ အကြမ်းဖက် PDF ၂ ဦးအသေဖမ်းမိ ” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ သတင်းအမှားသာ ဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စီစစ်ပေးလိုက်ရပါတယ်။သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.