မော်လမြိုင် ၊ သြဂုတ် (၉)

မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီ တစ်လီတာကို ကျပ် ၂၀၀ ကျော်ထိ ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က တစ်လီတာ ကျပ် ၁၇၀၀ ကျော်သာ ရှိခဲ့တဲ့ ဓာတ်ဆီ ၉၅ ဟာ သြဂုတ် ၈ ရက်နေ့မှာ တစ်လီတာ ကျပ် ၁၉၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာသလို ပရီမီယံဒီဇယ်ကလည်း တစ်လီတာကို ကျပ် ၂၀၀၀ ကျော်ကနေ ကျပ် ၂၂၇၀ ထိ ဈေးနှုန်းမြင့်တက်လာတာပါ။

စက်သုံးဆီဈေးနှုန်းဟာ စစ်ကောင်စီ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာငွေလဲ ဈေးနှုန်း ပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ အမေရိကန်တစ်ဒေါ်လာ ငွေလဲဈေးနှုန်းကို ကျပ် ၁၈၅၀ ကနေ ကျပ် ၂၁၀၀ အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ကြောင်းနဲ့ သြဂုတ် ၈ ရက်နေ့ကစပြီး အသုံးပြုသွားမယ်လို့ ကြေညာထားပါတယ်။

စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ဒေါ်လာငွေကန့်သတ်ချက်တွေအပြင် လိုသလောက် ဝယ်ယူလို့ မရတာကြောင့် ဈေးကွက်အတွင်း မကြာခဏ ပြတ်လပ်မှုတွေနဲ့ ဈေးနှုန်း မတည်ငြိမ်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတာပါ။

စက်သုံးဆီ ဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းမသိမ်းခင်က တစ်လီတာကို ကျပ် ၆၀၀နဲ့ ၇၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် ဈေးနှုန်း ၃ ဆကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စက်သုံးဆီလိုအပ်ချက်ရဲ့ ဆယ်ရာခိုင်နှုန်းခန့်သာ ပြည်တွင်းကနေ ထုတ်လုပ်နိုင်တာဖြစ်ပြီး ကျန် ၉၀ ရာခိုင်နှုန်းခန့်ကို ပြည်ပကနေ တင်သွင်း အသုံးပြုနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.