ရန်ကုန် ၊ သြဂုတ် (၉)

မပြီးဆုံးသေးတဲ့ တော်လှန်ရေးနဲ့ လူထုလွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ရှစ်လေးလုံး အထိမ်းအမှတ်နေ့မှာ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေက ကတိပြု ပြောကြားလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ စစ်အာဏာရှင်စနစ်ကို နိုင်ငံတဝန်းရှိ တိုင်းရင်းသားတွေနဲ့ လူတန်းစားအလွှာအသီးသီး ဆန့်ကျင်တိုက်ပွဲဝင်တာ ဒီနှစ် သြဂုတ် ၈ ရက်နေ့မှာ ၃၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှာ ပြည်သူတွေရဲ့ အသက်သွေးချွေး ဘဝတွေကို စတေးခဲ့ရပြီး စစ်အာဏာရှင်ရဲ့ မတရားဖိနှိပ်မှုတွေကို အံတုလာတာဟာ နွေဦးတော်လှန်ရေးအထိ ရောက်ရှိလာခဲ့တာပါ။

ဒါကြောင့် ရှစ်လေးလုံးနေ့ကနေ စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ လူထုလွတ်မြောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဦးဆောင်မှုနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ခံက ပြောပါတယ်။

“ကျွန်တော်တို့ PDF တွေအနေနဲ့ ဒီမိုကရေစီရရှိရေးအတွက် လူထုလွတ်မြောက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ ဦးဆောင်မှုတွေနဲ့ စစ်အာဏာရှင် မပြုတ်မချင်း ကျွန်တော်တို့ တိုက်မယ်။တိုက်ပြီးမှ ကိုယ်ပိုင်ပြဌာန်းခွင့်တွေက အစိုးရက ဆက်လုပ်မှာပေါ့။ကျွန်တော်တို့ PDF ကတော့ စစ်ကောင်စီကို နိုင်အောင်တိုက်ဖို့ အဓိက ပထမဦးဆုံး ရည်ရွယ်ချက်ပဲ”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ပြီး အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီကြောင့် တိုင်းပြည်အခြေအနေဟာ နိုင်ငံရေး၊စီးပွားရေး၊ကျန်းမာရေး စတဲ့ အကြပ်အတည်းတွေနဲ့ ဘက်ပေါင်းစုံ ယိုယွင်းပျက်စီးနေပြီး ဖြစ်ပါတယ်။

လက်ရှိမှာလည်း မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ရှင်သန်ရေးအတွက် လူငယ်မျိုးဆက်သစ်တွေနဲ့အတူ တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

စစ်အာဏာရှင် ပြုတ်ကျရေး ၊ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ရေးမြို့နယ်အခြေစိုက် မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO)၊ တွဲဘက် တာဝန်ခံ ကိုအဂ္ဂက ပြောပါတယ်။

“တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားမျိုးစုံ လူမျိုးပေါင်းစုံ လိုချင်နေတဲ့ ဖက်ဒရယ်တစ်ခုပဲလေ။ဒါကြီးက ဖြစ်လည်းဖြစ်သင့်တယ်၊ ဖြစ်လည်း ဖြစ်ထိုက်တယ်။အဲဒါကြောင့် လူမျိုးကြီးဝါဒ ပျောက်ကွယ်သွားပြီးတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ အတွက် နံပါတ်တစ် ဦးစားပေးအနေနဲ့ ကျွန်တော်တို့ လုပ်ဆောင်သွားမယ်” လို့ သူက ဆိုပါတယ်။

စစ်တပ် အာဏာဏာသိမ်းပြီးနောက် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ အရှိန်အဟုန် ပြင်းထန်နေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၂၀ ထက်မနည်း ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေါက်တိုင်တွေကို နည်းမျိုးစုံ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ပေါင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူ သခင်မျိုးဆက်ကတော့ ရှစ်လေးလုံးမှာ မပြီးပြတ်သေးတဲ့ အရေးတော်ပုံအတွက် နွေဦးတော်လှန်ရေးနဲ့ အဆုံးသတ်ရမယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားတွေ နှစ်ပေါင်း ၆၀/၇၀ တော်လှန်ခဲ့ကြတဲ့ စစ်အာဏာရှင်စနစ်ကြီး၊ ၁၉၈၈ ခုနှစ်ရဲ့ မပြီးပြတ်သေးတဲ့ အရေးတော်ပုံကြီး။ ဒါတွေအားလုံးရဲ့ အဆုံးသတ်က ဒီနွေဦးတော်လှန်ရေးနဲ့ အဆုံးသတ်ရမှာ ဖြစ်တယ်။ဒါကြောင့် ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်မယ်၊ဖယ်ရှားမယ်။မြန်မာမြေပေါ်ကနေ ပပျောက်သွားတဲ့အထိ ကျွန်တော်တို့ လုပ်ဆောင်မယ်။ဖက်ဒရယ်ပြည်ထောင်စုကြီးတစ်ခု ၊ ဖက်ဒရယ်တပ်မတော်ကြီးတစ်ခု ကျွန်တော်တို့ တည်ဆောက်နိုင်ရမယ်”လို့ သူက ဆိုပါတယ်။

၈၈မျိုးဆက်(ငြိမ်းချမ်း‌ရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) ကလည်း ‘မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး၊ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း’ ဆိုတဲ့ ကြွေးကြော်သံနဲ့ ဒီနိုင်ငံမြေပေါ်ကနေ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပပျောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားတဲ့အထိ အတူလက်တွဲ တိုက်ပွဲဝင်ကြမယ်လို့ ထုတ်ပြန်ပါတယ်။

မြန်မာနိင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်စနစ် ထူထောင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး သံတမန်ရေး လှုပ်ရှားမှုတွေကို စုစုစည်းစည်း ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.