မော်လမြိုင် – ဩဂုတ်(၉)

တိုင်းရင်းသားတွေအပေါ်မှာ နှစ်ပေါင်းများစွာတင်ရှိနေတဲ့ အကြွေးကိုပြန်ပေးဆပ်တဲ့ အနေနဲ့ ဖက်ဒရယ် ကိုသဘောတူပေးရမှာဖြစ်တယ်လို့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောပါတယ်။

ဩဂုတ်လ(၈) ရက်နေ့ က ပြုလုပ်ခဲ့တဲ့ (၃၄) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ ဖွယ်အခမ်းအနားနဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ အခုလိုပြောဆိုခဲ့တာပါ။ “တိုင်းရင်းသားတွေအပေါ်မှာ နှစ်ပေါင်းများစွာတင်ရှိနေတဲ့ ကျွန်တော်တို့ရဲ့ အကြွေးကို ပြန်ပြီးတော့ ဆပ်ရမယ်။

အဲ့ဒါဘာလဲဆိုတော့ ဖက်ဒရယ်ပေးတာ ဖက်ဒရယ်ကို သဘောတူရမယ်။ အတူတည် ဆောက်ရမယ်” လို့ ကျောင်းသားခေါင်းဆောင်ဦးမင်းကိုနိုင်က ပြောပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးအတွက် စိတ်ဓာတ်ရေးရာအရ အမြင့်မားဆုံးအခြေအနေမှာ ရောက်ရှိ နေပြီး တော်လှန်ရေးအောင်မြင်ဖို့အတွက်ဟာ ပြည်သူတွေရဲ့ ဒုက္ခတွေက ကင်းလွတ်ဖို့တင်မဟုတ်ပဲ သမိုင်းဆိုင်ရာ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်တယ်လို့ ပြောပါသေးတယ်။

နွေဦးတော်လှန်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက်တိုက်ပွဲဝင်နေတဲ့တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီနဲ့ နေ့စဉ်လိုလိုတိုက်ပွဲတွေဖြစ်ပွားနေတာပါ။

“ပြည်သူတွေကို ပြောချင်တာက အောင်ပွဲက လက်တကမ်းမှာပါ။ ပြည်သူတွေလိုချင်နေတဲ့ ဘဝက လည်းရိုးရှင်းပါတယ်။ သူတို့က အေးချမ်းတဲ့ ဘဝ တရားဥပဒေစိုးမိုးတဲ့ ဘဝ ကိုပဲလိုချင်ကြတယ်” လို့ ဦးမင်းကိုနိုင်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်က လက်နက်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း လူထုသပိတ်ပွဲတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး တွေပေါ်ပေါက်လာပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ ခုခံတွန်းလှန်နေတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကိုင်း၊မကွေး၊ကရင်၊ ကရင်နီဒေသတွေကို နယ်မြေစိုးမိုးထားနိုင်ပြီး တရားဥပဒေစိုးမိုးရေးနဲ့ ပညာရေးဆိုင်ရာ ကိစ္စရပ်တွေ ဆောင်ရွက်နေပါတယ်။

နွေဦးတော်လှန်ရေးမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖိုးအတွက်ပြင်ဆင်နေတယ်လို့ NUG ပြည်ထဲရေး ဝန်ကြီးက အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ (ပုံအဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.