တနင်္သာရီ ၊ သြဂုတ် (၉)

တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း အရပ်သား ၂၀၀ ကျော် သေဆုံးထားပြီး ၉၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor က သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ခံရသူတွေ ပါဝင်သလို စစ်ကောင်စီ သတင်းပေးအဖြစ် သတ်မှတ်ခံရပြီး သတ်ဖြတ်ခံရတဲ့သူတွေလည်း ပါဝင်တာပါ။

အရပ်သားသေဆုံးမှုဟာ အခုနှစ် ဧပြီနဲ့ ဇွန်လတွေမှာ သိသိသာသာ မြင့်တက်လာပြီး ထိခိုက်သေဆုံးမှု ပိုမိုများပြားလာတယ်လို့ Southern Monitor အဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

တနင်္သာရီတိုင်းထဲမှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း လုပ်ကြံသတ်ဖြတ်မှုနဲ့ အရပ်သားသေဆုံးမှု ဖြစ်စေတဲ့ ဖြစ်စဉ် အကြိမ် ၁၄၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် အရပ်သား နေအိမ် ၉၃ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲမှာတော့ ပုလော၊သရက်ချောင်းနဲ့တနင်္သာရီမြို့နယ်ထဲက အများစု ပါဝင်နေတာပါ။အာဏာသိမ်းကာလအတွင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ အကြိမ် ၁၃၃ ကြိမ်၊ ဗုံးကွဲတာနဲ့ မိုင်းဆွဲတိုက်ခိုက်မှု ၂၁၉ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲကြောင့် အရပ်သားပြည်သူ ၁၇၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Southern Monitor အဖွဲ့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.