မော်လမြိုင် – ဩဂုတ်(၉)

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ ပြည်သူတွေ ထည့်ဝင်ခဲ့တဲ့ Project Dragonfly စီမံချက်က ကနဦး ပစ္စည်းတချို့ဟာ စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် လိုက်ပါတယ်။

Project Dragonfly စီမံချက် အောင်မြင်စေဖို့ ထောက်ပံ့ကူညီခဲ့ကြသူများ၊ အသိပညာရှင်၊ အတက်ပညာရှင်၊အနုပညာရှင်အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရက ကျေးဇူးတင် ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စီမံချက်ကတဆင့်ရရှိလာတဲ့ ရန်ပုံငွေတွေကို စစ်ရေးမဟာဗျူဟာတွေနဲ့အညီ အသုံးချ နေပြီး ကနဦးပစ္စည်းတချို့မှာ စတင်တာဝန်ထမ်းဆောင်နေပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်လိုအပ်တဲ့ ပစ္စည်းတွေဆက်လက်ရရှိရေးနဲ့ ထိရောက်စွာ အသုံးပြုနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်နေပြီဖြစ်တယ်လို့ ပြည်သူတွေကို အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၈) ရက်နေ့ မနက်(၁၀) နာရီကျော်က အာဏာသိမ်းစစ်ကောင်စီက KNU စီမံ အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်ကို လာရောက်ပစ်ခတ်ခဲ့တဲ့ ရဟတ်ယာဉ်ကို KNLA တပ်ရင်း(၉) က ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် စက်ချို့ယွင်းပြီး ကညင်းကျိုးကျေးရွာစာသင်ကျောင်းဝန်းအတွင်းကို အမြန်ဆင်းသက်ခဲ့ရတယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။

ငှက်ပစ်စီမံချက်လို့ လူသိများတဲ့ Project Dragonfly စီမံချက်ကို မတ်လကုန်မှာ စတင်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်တွင်း၊ပြည်ပက ပြည်သူတွေရဲ့ ထည့်ဝင်မှုနဲ့ (၁၀) ရက်ကျော် အတွင်း အမေရိကန် ဒေါ်လာ(၂.၂) မီလျံ ကျော်ကောက်ခံရရှိထားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက တိုက်တွဲတွေဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း တို့ကို လေကြောင်း တိုက်ခိုက်မှုတွေမကြာခဏ လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.