ကော့သောင်း ၊ သြဂုတ် (၉)

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဝက်ဝံရေခဲစက်တံတားရှိ ငါးဖမ်းစက်လှေ မီးလောင်မှုကြောင့် ၅ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသလူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့ မနက်ပိုင်းက ရွှေဝက်ရေခဲစက်ဝံတံတားမှာ ဆိုက်ကပ်ထားတဲ့ ထက်ထက်ပိုင် ငါးဖမ်းစက်လှေ ဝါယာရှော့ဖြစ်ပြီးနောက် ငါးဖမ်းစက်လှေ ၃ စီး မီးကူးစက်လောင်းကျွမ်းမှု ဖြစ်ပေါ်ခဲ့တာပါ။

မီးလောင်ခံရတဲ့ စက်လှေ ၃ စီးကို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်စဉ် သြဂုတ် ၈ ရက်နေ့မှာ သေဆုံးသွားတဲ့သူ တစ်ဦးရဲ့ ရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၄ ဦး ကယ်ဆယ်နိုင်ခဲ့တာပါ။

အဲဒီနောက် သြဂုတ် ၉ ရက်နေ့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ထပ်မံဆောင်ရွက်ရာမှာတော့ မီးလောင်ထားတဲ့ စက်လှေဝမ်းအတွင်းမှာ မီးလောင်သေဆုံးသွားသူ ၄ ဦးရဲ့ ရုပ်အလောင်းကို ထပ်မံ တွေ့ရှိခဲ့တာပါ။

ငါးဖမ်းစက်လှေ မီးလောင်မှုကြောင့် သေဆုံးသွားတဲ့ သူတွေနဲ့ ထိခိုက်ဒဏ်ရာရှိခဲ့တဲ့သူတွေကို ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို သြဂုတ် ၉ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ရပ်နားလိုက်ပြီး ဖြစ်ပါတယ်။

မီးလောင်သေဆုံးသွားတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်လဲဆိုတာတော့ မသိရပေမယ့် ကုမ္ပဏီကတော့ ပျောက်ဆုံးနေတဲ့သူတွေကို စာရင်းကောက်ယူနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.