မော်လမြိုင် ၊ သြဂုတ် (၇)

မော်လမြိုင်မြို့အနီးမှာ အကောင်အထည်ဖော် တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်းအတွက် မြေဧကပေါင်း ၄၆၀၀ ကျော် လျာထားသတ်မှတ်ထားတယ်လို့ မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးအောင်ကြည်သိန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီက မော်လမြိုင်မြို့ အနီးမှာ နိုင်ငံတကာ အဆင့်မီ လေဆိပ်နဲ့ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်တဲ့ စီမံကိန်းအကောင်အထည်ဖော်ရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

အဲဒီစီမံကိန်းဆောင်ရွက်ဖို့ လိုအပ်တဲ့ မြေသိမ်ဆည်းရေး အပါအဝင် လျှပ်စစ်မီး ရရှိရေး၊ ချဉ်းကပ်လမ်းနဲ့ တခြားလမ်းပိုင်းဆိုင်ရာ တည်ဆောက်ရေး၊ ဘဏ္ဍာငွေ လျာထားရရှိရေးနဲ့ အခြားလိုအပ်တဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ညွန်ကြားထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်နယ်စစ်ကောင်စီက နိုင်ငံတကာအဆင့်မီ လေဆိပ်ကို မုဒုံမြို့နယ်၊ကော့ပရံကျေးရွာအနီးမှာ တည်ဆောက်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို မုဒုံမြို့နယ်ရဲ့ ပင်လယ်ထွက်ပေါက်နဲ့နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာတို့ကြားမှာ တည်ဆောက်သွားဖို့ မြေနေရာတွေ သတ်မှတ်လာတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးအောင်ကြည်သိန်းကတော့ စီမံကိန်းအတွက် ပြည်ထောင်စုက သတ်မှတ်ထားတဲ့ ရန်ပုံငွေဘတ်ဂျက်အပေါ်မူတည်ပြီး မြေယာလျောကြေးတွေ ပေးဆောင်ပြီးမှသာ လုပ်ငန်းစတင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“ပြည်ထောင်စုကနေ လျာထားတဲ့ ရန်ပုံငွေအခြေအနေအပေါ် မူတည်ပြီးတော့မှ ဆက်ဆောင်ရွက် ပေးသွားမှာပေါ့။လတ်တလောက အဲဒီမြေယာလျောကြေးပေးချေဖို့ ကိစ္စမှာ ဘတ်ဂျက်ပါလာတာ ဘယ်လောက်ရှိမလဲ၊ နောက်ပြီးတော့ ကျန်တဲ့ လျှပ်စစ်ကိစ္စတွေ၊ အဲဒီမှာ ဆည်မြောင်းကိစ္စတွေ ရှိမှာပေါ့။အဲဒီလျာထားတဲ့ ဘတ်ဂျက်အခြေအနေတွေရဲ့ ကျွန်တော်တို့ လုပ်ငန်းဆောင်ရွက်လို့ ရတဲ့အချိန်ပေါ့။အခုနလို မြေလျော်ကြေးတွေ ပေးပြီးတော့မှ လုပ်ငန်းဆောင်ရွက်လို့ ရမှာကိုး။အဲဒီအပေါ် မူတည်ပြီးတော့မှ ဆက်ဆောင်ရွက်သွားပါမယ်”လို့ သူက ဆိုပါတယ်။

ဒါပေမယ့် စီမံကိန်း သတ်မှတ်မြေနေရာအတွက် မြေယာလျော်ကြေး ပေးချေဖို့ တွက်ချက်ထားတဲ့အဆင့်သာ ရှိသေးကြောင်းနဲ့ တစ်ဧကကို လျော်ကြေးဘယ်လောက်ပေးမယ်ဆိုတာ ပြည်နယ်စစ်ကောင်စီ အစည်းအဝေးလုပ်ပြီးမှသာ သိနိုင်မယ်လို့ သူက ဆိုပါတယ်။

ဒေသခံတစ်ဦးကတော့ စစ်ကောင်စီက လေဆိပ်နဲ့ ဆိပ်ကမ်းစီမံကိန်း မြေနေရာအတွက်ဆိုပြီး လယ်ဧကကို စာရင်း လိုက်လံကောက်ယူတာတွေ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“သူတို့ ကော့ပရံမှာ စစ်တမ်းတွေ လိုက်ကောက်တယ်၊ လယ်ဘယ်နှဧက ရှိလဲပေါ့၊ အဲဒီလယ်တွေမှာ တဲဘယ်နှလုံးရှိတယ်၊ အဲဒီလိုမျိုးတွေ ဒေသခံတွေကို သူတို့ စစ်တမ်းကောက်ထားတာ ရှိတယ်။ လောလောဆယ်တော့ သူတို့ဘာမှ မလုပ်ရသေးဘူး။ဒီဘက် ဘလောက်ညောင်ဝိုင်းမှာတော့ တူးမြောင်းတွေ လုပ်မယ်၊နောက်သူတို့ ဝဲကလိဘက်မှာ ဆိပ်ကမ်းတွေ လုပ်မယ်၊ အဲဒီလိုစီမံကိန်းတော့ ကြားတယ်။ဒါပေမယ့် သူတို့က လယ်သမားတွေနဲ့ ညှိနှိုင်းတုန်းပဲ။လယ်သမားတွေကို သူတို့ပေးမယ့် ဈေးနှုန်းတွေနဲ့ လယ်သမားတွေက လက်မခံတဲ့အခါကျတော့ ဘာမှ အဆင်မပြေသေးဘူး”လို့ သူက ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု(Feasibility Study) ဆောင်ရွက်ဖို့ အတွေ့အကြုံရှိ ကုမ္ပဏီတွေအနေနဲ့ အိတ်ဖွင့်တင်ဒါ တင်သွင်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။

စစ်ကောင်စီကတော့ လေဆိပ်နဲ့ ဆိပ်ကမ်းတည်ဆောက်ပြီးပါက ဒေသတွင်း ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ကူးယဉ်နေပေမယ့် လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာကြောင့် ဖြစ်လာနိုင်စရာ မရှိဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ဝေဖန်ထားကြပါတယ်။

မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီကလည်း စစ်ကောင်စီရဲ့ စီမံကိန်းဟာ လူတစ်စုကောင်းစားရေး အာဏာရှင်စီမံကိန်းမျှသာ ဖြစ်ကြောင်းနဲ့ တရားဝင်အစိုးရ မဟုတ်တာကြောင့် သူတို့ရဲ့ မြေယာသိမ်းဆည်းတာ၊ ရောင်းချတာနဲ့ လက်ပြောင်းလက်လွှဲပြုတာတွေ တရားမဝင်ဘူးလို့ ပြီခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.