ဝေါ်လေ ၊ ဩဂုတ်(၇)

မြဝတီ-ဝေါ်လေ ကားလမ်းမသုံးထပ်ကွေ့မှာ ကော်ဘရာစစ်ကြောင်းနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် (၄) ဦးဟာ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ထံခိုလှုံလာခဲ့ကြ တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ကော်ဘရာစစ်ကြောင်းနဲ့ သုံးထပ်ကွေ့အနီးမှာ တစ်လကျော်ကြာတိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံ ခမရ(၂)က တပ်ဖွဲ့ဝင် ၄ ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၃)ရက်နေ့က ကော်ဘရာစစ်ကြောင်းကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CDM ပြုလုပ်ပြီး ခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦးကို ကော်ဘရာစစ်ကြောင်းက လုံခြုံဘေးကင်းတဲ့နေရာမှာ နေထိုင်သွားလာ၊ စားဝတ်နေရေး၊ လုံခြုံရေးအဆင်ပြေစေဖို့ ကောင်းမွန်စွာစီမံထားရှိထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထပ်မံပြီး CDM ခိုလှုံလိုတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ Cobra Column Facebook Page ကို ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုထားပါတယ်။

မြဝတီ-ဝေါ်လေ ကားလမ်းမရဲ့ သုံးထပ်ကွေ့နဲ့ ပတ်ဝန်းကျင်ဒေသတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား ပြီးခဲ့တဲ့ ဇူလိုင်(၇)ရက်နေ့ကစပြီး ဒီကနေ့အချိန်ထိ နှစ်ဖက်တပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်(၅)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် (၁)ဦး သေဆုံးပြီး (၄)ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သလို ကော်ဘရာစစ်ကြောင်း ဘက်ကတော့(၃) ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.