ဒီမော့ဆို ၊ သြဂုတ် (၇)

ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ် ရိက္ခာယာဉ်တန်းတွေ မကြာခဏတိုက်ခိုက်ခံနေရတဲ့အတွက် ရိက္ခာတွေကို စစ်ကြောင်းနဲ့ပါ ပို့ဆောင်နေရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာ ရိက္ခာပို့ဆောင်ဖို့အတွက် အရင်က ဟိုက်ဂျက်နဲ့စစ်ကားတွေကို အသုံးပြု ပို့ဆောင်ခဲ့ပေမယ့် အခုအခါမှာတော့ တပ်အင်အား အလုံးအရင်း အသုံးပြုပြီး ပို့ဆောင်နေရတာ ဖြစ်ပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ စစ်ကောင်စီတပ်ရိက္ခာယာဉ်တန်းတွေ မကြာခဏ ကြားဖြတ် တိုက်ခိုက်ခံရပြီးနောက် ရိက္ခာတွေကို စစ်ကြောင်းနဲ့ ချီပြီး ပြောင်းလဲ ပို့ဆောင်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။“ ထောက်ပံ့တာတွေကို ပုံစံပြောင်းလာတယ်။မြေပြင်ကို တပ်ကိုယ်လို လာပို့ရတယ်။ အရင်လို ခိုးကြောင်ခိုးဝှက် မလာရဲတော့ဘဲ စစ်ကြောင်းတွေနဲ့ လာကြရတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်နယ်အတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ သူတို့ စိုးမိုးထားတဲ့ နယ်မြေအတွင်းမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ကို ရိက္ခာဖြတ်တောက်ထားတာ ဖြစ်ပါတယ်။

ရိက္ခာဖြတ်တောက်ခံထားရတဲ့ စစ်ကောင်စီတပ်တွေကို ပြီးခဲ့တဲ့ဇူလိုင်လတုန်းက စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေအသုံးပြုပြီး ရိက္ခာဖြည့်တင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကရင်နီပြည်နယ်ထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး နယ်မြေဒေသတချို့ကိုလည်း စစ်ကောင်စီဘက်က လက်လွှတ်ထားရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ပုံစာ – စစ်ကောင်စီယာဉ်တန်းကို ကရင်နီတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်စဉ် ဝေဟင်မှ ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံ (ဓာတ်ပုံ – KNDF)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.