မြဝတီ ၊ သြဂုတ် (၅)

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA တို့ နှစ်ဖွဲ့ကြား ပြန်လည်ပေါင်းစည်းရေးအတွက် နှုတ်အားဖြင့် သဘောတူခဲ့တယ်လို့ နှစ်ဖက်အဖွဲ့ခေါင်းဆောင်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်ကနေ သိရပါတယ်။KNU ဘက်က ကာကွယ်ရေးဌာနတာဝန်ခံ၊ အတွင်းရေးမှူးချုပ်၊ စစ်ဦးစီးချုပ် အပါအဝင် တာဝန်ရှိသူတွေနဲ့ DKBA ဘက်က စစ်ဦးစီးချုပ်၊ စစ်ထောက်ချုပ်စတဲ့ တာဝန်ရှိသူအချင်းချင်းတို့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဲ့ဒီဆွေးနွေးပွဲကနေ အချက်(၅)ချက် သဘောတူဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ။အဲဒီဆုံးဖြတ်ချက်တွေထဲမှာ ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းတဲ့ ကော်သူးလေတပ်မတော်ကိစ္စနဲ့ပတ်သက်ပြီး KNU ဘက်က တပ်မှူးတစ်ဦးနဲ့ DKBA ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးလ်ကိုယ်တိုင် ညှိနှိုင်းဆွေးနွေးကိုင်တွယ် ဆောင်ရွက်သွားဖို့ သဘောတူခဲ့ပါတယ်။ဒါ့အပြင် KNU နဲ့ DKBA ပြန်လည်းပေါင်းစည်းရေးကို နှုတ်အားဖြင့် သဘောတူကြောင်းနဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေ တစ်စုတစည်းတည်းဖြစ်ကြောင်း ယာယီအမှတ်တံဆိပ်တစ်ခုကို ညှိနှိုင်းတပ်ဆင်သွားဖို့ ပါဝင်ပါတယ်။နှစ်ဖက်တွေ့ဆုံမှုကို ဖြစ်နိုင်ရင် တစ်လတစ်ကြိမ်တွေ့ဆုံကြဖို့နဲ့ KNU ဗဟိုက DKBA အတွက် ထုတ်ပြန်ထားတဲ့ ၁/၉၄ ထုတ်ပြန်ကြေညာချက်ကို ပြန်လည်ဖျက်သိမ်းပေးဖို့ သဘောတူဆုံးဖြတ်ခဲ့တာပါ။လတ်တလောဖြစ်ပေါ်နေတဲ့ ရန်သူထိုးစစ်ပြီးဆုံးစေရေးအတွက် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစတီးက တာဝန်ယူပြီး စစ်ကောင်စီနဲ့ ဆွေးနွေးဖို့၊ တကယ်လို့ ညိနှိုင်းဆွေးနွေးမှုကို သဘောမတူဘဲ တပ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မယ်ဆိုပါက အတူတကွပူးပေါင်းဆောင်ရွက်သွားဖို့ သဘောတူခဲ့တယ်လို့လည်း ပါရှိပါတယ်။ဒါပေမယ့် KNU နဲ့ DKBA ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးပွဲက ဆုံးဖြတ်ချက်တစ်ခုဖြစ်တဲ့ လတ်တလောဖြစ်ပေါ်နေတဲ့ ရန်သူထိုးစစ်ပြီးဆုံးစေရေးအတွက် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစတီးက တာဝန်ယူပြီး စစ်ကောင်စီနဲ့ ဆွေးနွေးဖို့၊ တကယ်လို့ ညိနှိုင်းဆွေးနွေးမှုကို သဘောမတူဘဲ တပ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်မယ်ဆိုပါက အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ဆိုတဲ့ အချက်ဟာ DKBA ရဲ့ သဘောထားလုံးဝမဟုတ်ဘူးလို့ ဒီကနေ့ ဩဂုတ်(၄)ရက်နေ့မှာ DKBA ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး လက်မှတ်နဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA ဟာ ကရင်ပြည်နယ် မြဝတီခရိုင် ဆုံဆည်းမြိုင်ကျေးရွာမှာ အခြေချလှုပ်ရှားနေတာဖြစ်ပြီး NCA လက်မှတ်ရေးထိုးထားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သလို စစ်အုပ်စုနဲ့ သွားရောက်တွေ့ဆုံနေတဲ့ အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့လည်း ဖြစ်ပါတယ်။KNU နဲ့ DKBA တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး နှစ်ဖက်ခေါင်းဆောင်တွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းနေပေမယ့် အဆက်အသွယ် ရရှိခြင်း မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.