ရေဖြူ ၊ သြဂုတ် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်က စစ်ဘေးရှောင်နေရတဲ့ ကလေးငယ်တစ်ဦး အချိန်မှီဆေးကုသခွင့်မရတာကြောင့် သြဂုတ်လ ၄ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ပြောပါတယ်။

သေဆုံးသွားသူ ကလေးငယ်မှာ အသက် ၁၁ နှစ်အရွယ် မောင်နိုးနိုးလပြည့်ဆိုသူဖြစ်ပြီး နေမကောင်းဖြစ်ရာကနေ အသက်ရှုကြပ်ပြီး အမောဖောက်လာတဲ့အတွက် ဆေးရုံတင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် လမ်းခရီးအခက်အခဲကြောင့်သေဆုံးသွားတာ ဖြစ်ပါတယ်။

“ကလေးကနဂိုကတည်းက ကျန်းမာရေးက သိပ်မကောင်းဘူး၊ ဆေးရုံဆေးခန်းအမြဲပြနေရတာ၊အခုက စကစ တွေကြောင့် စစ်ဘေးရှောင်နေရတာ၊ ဆုံးတဲ့ မနက်ကလည်း ကလေးဖြစ်တဲ့အချိန် သွားလာဖို့ခက်ခဲတာနဲ့ကားဌားမရတာနဲ့ အချိန်မှီဆေးမကုလိုက်ရဘဲ ဆုံးသွားတယ်၊အခုကာလ လမ်းတွေမှာ စကစ အဖွဲ့တွေက ပိတ်ဆို့စစ်ဆေးနေတော့ တော်ရုံကားသမားတွေလည်း မလိုက်ရဲကြဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ စစ်ရှောင်နေရတဲ့ နေရာဝန်းကျင်မှာပဲ မိသားစုဝင်တွေနဲ့ဒေသခံတွေက မြေမြှပ်သဂြိုလ်ပေးလိုက်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တွေ ရေဖြူမြို့နယ်ထဲက ဧကနိ၊ ခမောက်ချောင်း၊ ဝက်ချောင်း၊ ပုဂေါဇွန်း၊ ရငဲ၊ ဇွမ်းတောရွာတွေဘက်ကို ဝင်ရောက်မွှေနှောက် စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတာဖြစ်ပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.