မော်လမြိုင် ၊ ဩဂုတ်(၅)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ပေါ်တန်းလမ်းမှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲရိပ်သာဟာ သြဂုတ် ၄ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြည်နယ်ရဲရိပ်သာ ဗုံးခွဲတိုက်ခိုက်ရတာကြောင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဘယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့လဲဆိုတာ မသိရသေးပါဘူး။ဒေသခံတွေအဆိုအရ ပြည်နယ်ရဲရိပ်သာ ဗုံးပေါက်ကွဲမှုမှာ လမ်းသွားလမ်းလာ သုံးဘီးယာဉ်မောင်း တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သူကိုတော့ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတာပါ။အဲဒီပြည်နယ် ရဲရိပ်သာကို Federal Freedom UG အဖွဲ့က လက်ပစ်ဗုံးနဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်တာ ဖြစ်ပြီး ရဲတပ်ဖွဲ့ ဝင်(၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ပြည်နယ်ရဲရိပ်သာ ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မြို့ဝင် မြို့ထွက်နေရာတွေမှာ ပိတ်ဆို့ ရှာဖွေတာတွေ ပြုလုပ်နေသလို မြို့တွင်းမှာလည်း ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။Federal Freedom UG အဖွဲ့ကတော့ မော်လမြိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကနေ ပြည်နယ်ရဲရိပ်သာကို ဗုံးခွဲတိုက်ခိုက်ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။Federal Freedom UG အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့ကလည်း မွန်ပြည်နယ်လွှတ်တော်ရုံး ရဲကင်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.