ထားဝယ် ၊ ဩဂုတ်(၅)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘုမ္မော်ရပ်ကွက်မှာ စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားပြီးနောက် နာရီပိုင်းအကြာမှာ လမ်းဘေး အလောင်း လာပစ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်မှာ နေထိုင်နေတဲ့ ကနက်သီရိကျေးရွာသား အသက် (၅၀) နှစ်အရွယ် ဦးစိုးမြင့်ကို စစ်ကောင်စီတပ်က သြဂုတ်လ (၄) ရက်နေ့ ည (၁၀) နာရီလောက်မှာ လာရောက်ဖမ်းဆီးသွားပြီး ည ၁၁ နာရီလောက်မှာတော့ ဇဟာကျေးရွာအနီး မော်လမြိုင်-ထားဝယ်ကားလမ်းဘေးမှာ အလောင်းလာပစ်သွားတာပါ။

စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာတစ်ချက်၊ ထိုးကြိတ်ရိုက်နှက်မှုကြောင့် ရရှိထားတဲ့ ညိုမဲစွဲဒဏ်ရာတွေ ရှိနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို သြဂုတ်လ (၅) ရက်နေ့ မနက်ပိုင်းမှာ လူမှုကယ်ဆယ်ရေးအဖွဲ့က ထာဝယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အခုအခါမှာတော့ ရုပ်အလောင်းကို နေအိမ် ပြန်သယ်လာပြီလို့ ဆိုပါတယ်။

သေဆုံးသူ ဦးမြင့်စိုးဟာ ပြီးခဲ့တဲ့ (၂) လလောက်ကလည်း ထားဝယ်မြို့နယ် ဘုမ္မော်ရပ်ကွက် နေအိမ်မှာ စစ်ကောင်စီတပ်ရဲ့ လာရောက်ဖမ်းဆီးမှုကို ခံခဲရပြီး ပြန်လွှတ်လာတာ မကြာသေးဘူးလို့ သိရပါတယ်။

ထားဝယ်ခရိုင်မှာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေးရွာနေ အသက် (၆၀) ကျော်အရွယ် ဦးသောင်းဝင်းနဲ့ ဇနီးဖြစ်သူ ဒေါ်ဝင်းအေးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ခဲ့သလို ဂေါ့အင်းကျေးရွာနေ အသက် (၅၀) ကျော်အရွယ် ဦးဆန်းဝင်းကိုလည်း နေအိမ်ရှေ့မှာပဲ ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။

တနင်္သာရီတိုင်းမှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း အရပ်သားပြည်သူ (၂၀၀) ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ထားတယ်လို့ Southern Monitor အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.