ဘီးလင်း ၊ သြဂုတ် (၄)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KNU လက်အောက်ခံတပ်တွေ လာပစ်ရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ စစ်ကောင်စီစခန်းမှူးက ခြိမ်းခြောက်လာတယ်လို့ KNU သထုံခရိုင်က သြဂုတ် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့မှာ စစ်ကောင်စီ ဝင်းတာပန်စခန်းမှူး မျိုးမြင့်ကျော်က ကျေးရွာ ရပ်မိရပ်ဖိတွေကို အစည်းအဝေး ခေါ်ယူပြီးနောက် KNU လက်အောက်ခံတပ်တွေ သူတို့စခန်းကို လာပစ်ရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မယ်လို့ ခြိမ်းခြောက်လာတာကြောင့် ရွာသားအားလုံး စိုးရိမ်နေကြပြီး ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေကြတယ်လို့ ဝင်းတာပန်ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။စစ်ကောင်စီဝင်းတာပန်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။ဝင်းတာပန်ကျေးရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဟာ သထုံမြို့နယ်၊ စကခ(၈)ပိန္နဲတော လက်အောက်ခံ ခမရ(၄၀၁)တပ်ရင်းက ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ ဧပြီလတုန်းက စစ်ကောင်စီ လေးကေနဲ့ဝင်းတာပန် တပ်စခန်းတွေကို အပြီးတိုင်ဆုတ်ခွာပေးဖို့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဘက်က သတိပေးစာထုတ်ပြန်ပြီးနောက်ပိုင်း လေးကေကျေးရွာနဲ့ ဝင်းတာပန်ကျေးရွာတွေအနီးမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.