ရေး ၊ သြဂုတ် (၄)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်က မြို့နယ်လဝကရုံး ပစ်ခတ်ခံရတာကြောင့် ဒုမြို့နယ်လဝကမှူး အပါအဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။အဲဒီလဝကရုံးကို ဒီကနေ့ သြဂုတ် ၃ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ရေးဘီးလူအဖွဲ့က လာရောက် ပစ်ခတ် တိုက်ခိုက်သွားတာ ဖြစ်ပါတယ်။လဝကရုံး ပစ်ခတ်ခံရတာကြောင့် ဒုမြို့နယ်လဝကမှူး ဦးအောင်ကိုထက်၊ ဒုဦးစီးမှူး ဦးသိန်းထိုက်နဲ့ မိတ္တူစက်လာပြင်တဲ့ အရပ်သား ၁ ဦး စုစုပေါင်း ၃ သေဆုံးခဲ့ပြီး ဒုဦးစီးမှူး ဦးမြင့်လွင်မှာလည်း သေနတ်ဒဏ်ရာတွေ ရရှိခဲ့တာပါ။သေနတ်ဒဏ်ရာရရှိခဲ့တဲ့ ဒုဦးစီးမှူး ဦးမြင့်လွင်ကိုတော့ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။လဝကရုံး ပစ်ခတ်ခံရပြီးနောက် ရေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားသလို မြို့အဝင်အထွက်တွေမှာလည်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာနဲ့ သေနတ် ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ရေးဘီလူးအဖွဲ့က စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ သြဂုတ် ၂ ရက်နေ့ နောက်ဆုံးထားပြီး နှုတ်ထွက်ပေးကြဖို့ သတိပေးစာထုတ်ပြန်ပြီးနောက် အခုလို ဝင်ရောက် ပစ်ခတ်ခဲ့တာပါ။ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရုံးဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.