မြဝတီ ၊ သြဂုတ် (၄)

စစ်ကောင်စီတပ်က နယ်မြေစိုးမိုးရေးအတွက် အင်အားသုံး ထိုးစစ်ဆင်လာတာကြောင့် ကရင်ပြည်နယ် မြဝတီ- ဝေါ်လေ ကားလမ်းတလျှောက် နှစ်ဖက်တိုက်ပွဲ ပိုမို ပြင်းထန်လာနိုင်တယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။မြဝတီ-ဝေါ်လေ ကားလမ်းတစ်လျှောက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က နယ်မြေထိန်းချုပ် စိုးမိုးနိုင်ရေးအတွက် တပ်အင်အားအလုံးအရင်းနဲ့ ကျူးကျော် ဝင်ရောက်လာတာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။လက်ရှိမှာတော့ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဒေသဖြစ်တဲ့ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့နေရာနဲ့ ဝေါ်လေမြို့အနီး ဥကရစ်ထ၊ ရွှေအေးမြိုင်ကျေးရွာတွေဘက်မှာ စစ်ကောင်စီ တပ်မ(၄၄)လက်အောက်ခံတပ်တွေက ဦးဆောင်ပြီး စစ်ရေး ဝင်ရောက် လှုပ်ရှားမှုတွေ ပိုမို လုပ်ဆောင်နေပါတယ်။ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်း ပြန်ကြားရေး တာဝန်ခံက အခုလိုပဲ ပြောပါတယ်။“ စစ်ကောင်စီက ကားလမ်းမတစ်လျှောက် တပ်မ (၄၄)က ဦးဆောင်ပြီး စစ်ကြောင်းထိုးနေပါတယ်။ အဲ့တာကြောင့် တိုက်ပွဲတွေက ဆက်ပြီး ပြင်းထန်လာနိုင်ချေ ရှိပါတယ်” လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့မှာလည်း မြဝတီ-ဝေါ်လေ ကားလမ်းမရဲ့ သုံးထပ်ကွေ့နေရာနဲ့ ဆက်စပ်နေရာတွေမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။လေကြောင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိနေပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းကို လာရောက်ကောက်ယူတာ မရှိသေးဘူးလို့ ဆိုပါတယ်။တစ်လနီးပါးကြာ ကြာမြင့်လာပြီဖြစ်တဲ့ မြဝတီ-ဝေါ်လေ ကားလမ်းမရဲ့ သုံးထပ်ကွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဘယ်နေရာကိုမျှ မသိမ်းပိုက်နိုင်ဘဲ တပ်ရင်းတွေ စစ်ကြောင်းတွေ ဖွဲ့စည်းပုံပျက်ယွင်းတဲ့အထိ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ၊ ထွက်ပြေးတာ၊ CDM ပြုလုပ်တာတွေဖြစ်ပွားလျက်ရှိနေတယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.