မြဝတီ ၊ သြဂုတ် (၃)

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ ကားလမ်းပိုင်းက သုံးထပ်ကွေ့နေရာနဲ့ ဥကရစ်ထဘက်ကို သြဂုတ် ၂ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KNLA ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းတို့ အကြား မြဝတီ-ဝေါ်လေကားလမ်းပိုင်းရဲ့ သုံးထပ်ကွေ့နေရာတစ်ဝိုက်မှာ ပြီးခဲ့တဲ့ဇူလိုင်(၇)ရက်နေ့ကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်လာခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာ နယ်မြေစိုးမိုးရေးအတွက် အင်အားအများအပြားနဲ့ သုံးထပ်ကွေ့တောင်ကြောနေရာပေါ်ကို မကြာခဏ ကျူးကျော်တိုက်ခိုက်နေပေမယ့် ကော်ဘရာစစ်ကြောင်းရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ဒီကနေ့ ဩဂုတ်(၂)ရက်နေ့ ညနေပိုင်းမှာတော့ သုံးထပ်ကွေ့နေရာတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်ပြီး ထိခိုက်မှု အခြေအနေကိုတော့ မသိရပေးပါဘူး။ဥကရစ်ထဒေသဘက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ထိုင်းဘက်ခြမ်းအထိ နယ်ကျော်ပြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ဒါ့အပြင် မြဝတီ-ဝေါ်လေ ကားလမ်းမရဲ့ ဥကရစ်ထစခန်းဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ဗီနွန်စစ်ကြောင်း Lion အထူးကွန်မန်ဒိုပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။လတ်တလောမှာတော့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထပ်မံတိမ်းရှောင်နေခဲ့ရတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.