မော်လမြိုင် ၊ သြဂုတ် (၃)

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေအပြင် ဘက်ပေါင်းစုံ အကြပ်အတည်းတွေကြောင့် ပြည်နယ် စီးပွားရေး ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းလာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြည်နယ်စီးပွားရေးဟာ စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေ၊ မလိုလားအပ်တဲ့ ဒေါ်လာငွေ ထိန်းချုပ်မှုတွေ၊ ကုန်သွယ်ရေးကန့်သတ်ချက်တွေအပြင် စီမံခန့်ခွဲမှု အလွဲမှားတွေကြောင့် ကျဆင်းလာတာ ဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေထဲမှာတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ အထည်ချုပ်လုပ်ငန်းတွေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေက အများဆုံး ထိခိုက်နစ်နာနေတာ ဖြစ်ပြီး ဆက်လက် ရပ်တည်ဖို့ပင် အခက်ကြုံနေကြပါတယ်။စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ အာဏာသိမ်းမှုကြောင့် စီးပွားရေးလုပ်ငန်း အားလုံးနီးပါး ကျဆင်းလာခဲ့သလို ပြန်လည် နလံထူဖို့ မလွယ်ကူတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။“ အခုထိ ဒီစီးပွားရေး လုပ်ဖို့ ကောင်းတဲ့ ဝန်းကျင် တစ်ခုကတော့ မဖြစ်လာနိုင်သေးဘူးလေ၊ မဖြစ်လာနိုင်သေးဘူးပေါ့၊ ဘဏ်ကိစ္စတွေရော ဒေါ်လာ ဈေးကြောင့်ရော နောက်ဒီ ပို့ကုန်ပေါ့နော်၊ ပို့နိုင်တဲ့ အင်းအားရော နောက် ရင်းနှီးမြုပ်နှံမှုတွေရော ကျွန်တော်တို့ ဆီမှာ ဒေါ်လာ ဝင်စရာ အကြောင်းက နည်းနည်းလေး အားနည်းသွားတာပေါ့၊ အားနည်းတဲ့ အတွက်ကြောင့် ဒီက ရှိတဲ့ ဟာတွေကလည်း တည်းငြိမ်တဲ့ အနေအထားက မရှိသေးတော့ လူကလည်း စွန့်စားပြီးတော့ လုပ်တဲ့ အခြေအနေက အရမ်းနည်းတာပေါ့၊ စီးပွားရေးကို မြန်မြန် ထဖို့က ပြန်ထနိုင်ဖို့က မလွယ်လောက် ဘူးပေါ့လေ၊ အဲ့တာ ပြောလို့ရှိရင်တော့ (၅၀) ရာခိုင်နှုန်းလောက် ကျသွားတာပေါ့နော်”လို့ ဆိုပါတယ်။ပြည်နယ်စီးပွားရေး အဓိကျဆင်းလာရတဲ့ အကြောင်းအရင်းတွေထဲမှာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာငွေတန်ဖိုး ကျဆင်းလာတာ၊ သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း အဆမတန်မြင့်တက်လာတာ၊ လျှပ်စစ်မီး မမှန်တာနဲ့ အထွေထွေ ကုန်ကျစရိတ်ကြီးမြင့်မှုတွေကြောင့် ဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ အာဏာသိမ်းမှုကြောင့် လုပ်ငန်းတွေ မပြိုလဲအောင် ပေါင်းနှံ ရောင်းချပြီး လုပ်ကိုင် နေရသလို ဒီအခြေအနေအတိုင်း ဆက်လက် ရင်ဆိုင်ရမယ်ဆိုရင် စီးပွားရေး လုပ်ငန်းတွေ ပြိုလဲပြီး ဒေဝါလီ ခံရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။“စီးပွားရေး သမားတွေကလည်း ဟိုဟာရောင်း ဒီဟာရောင်းနဲ့ သူတို့ရဲ့ဟာ မပြိုပျက်ဖို့ လုပ်နေရတာ၊ အကုန်လုံးက ပေါင်နှံပြီးတော့ လုပ်နေရတာ ဖြစ်တဲ့ အတွက်ကြောင့်မို့ အကုန်လုံးက ဒုက္ခပင်လယ် ဝေနေကြရတာ၊ အချိန်တစ်ခု ရောက်လို့ရှိရင် မထိန်းနိုင်ရင် ပရုတ်လုံးလိုဘဲ အငွေ့ပြန်ပြီး ပျောက်သွားလိမ့်မယ်။ စီးပွားရေး လုပ်ငန်းတွေ တရားရင်ဆိုင်ပြီး ဒေဝါလီ ခံဖို့ပဲ လိုတော့တာ၊ စီးပွားရေး လုပ်ငန်းတွေ ဒေဝါလီ ခံမယ်ဆိုရင် ဘဏ်တွေကပါ ဆက်တိုက် ပြိုလာလိမ့်မယ်၊ အဲ့တာကို အစိုးရက ဘယ်လို ဆက်ထိန်းမလည်း ဆိုတာကိုပဲ စဉ်စားရမှာ၊ ဘယ်လုပ်ငန်းကမှ မကောင်းတာ”လို့ ဆိုပါတယ်။အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ တိုင်းပြည် စီးပွားရေး ကျဆင်းလာမှုကို လာမယ့် ခြောက်လအတွင်း ဖြေရှင်းသွားမယ်လို့ ပြောဆိုထားတာပါ။ ဒါ့အပြင် တိုင်းပြည်စီးပွားရေးအတွက် ဒေါ်လာငွေ အလုံအလောက် စုဆောင်းထားတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ကမ္ဘာဘဏ်ရဲ့ အဆိုအရ မြန်မာစီးပွားရေးဟာ စစ်တပ် အာဏာသိမ်းမှုကြောင့် ၁၈ ရာခိုင်နှုန်း ကျဆင်းလာခဲ့သလို ရေရှည်မှာ ဆင်းရဲမွဲတေမှုလည်း အရင်ကထက် ၂ ဆ ပိုနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.