သထုံ ၊ သြဂုတ် (၃)

အာဏာသိမ်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတဲ့ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာ ဒေသခံတွေဟာ နှစ်ဖက် တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်လာတာကြောင့် နေရပ်ပြန်လာကြပေမယ့် နေရာထိုင်ခင်းအတွက် ဒုက္ခကြုံနေရတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ထုံးဘိုလေးကျေးရွာအနီးမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ နေအိမ်တွေကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

မီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် အိမ်ခြေ ၁၅၀ ကျော်ရှိတဲ့ ထုံးဘိုလေးကျေးရွာက ဒေသခံ နေအိမ် ၆၉ လုံး မီးလောင် ပြာကျခဲ့သလို ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းလည်း မီးလောင်ပျက်စီးခဲ့တာပါ။

နေရပ်ပြန်လာတဲ့ ဒေသခံတွေဟာ နေအိမ်တွေ မီးလောင်ပျက်စီးသွားတဲ့အတွက်ကြောင့် နေရာထိုင်ခင်းအတွက် ဒုက္ခကြုံနေရသလို ယာယီတဲတွေ ထိုးဖို့အတွက်လည်း တောင်တောတွေထဲမှာ သစ်နဲ့ဝါး သွားခုတ်မရဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

လက်ရှိမှာတော့ နေရပ်ပြန်လာတဲ့ ဒေသခံတွေဟာ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေနဲ့ မီးလောင်ပြင်နေရာမှာ ယာယီအမိုးအကာတွေ ပြုလုပ်ပြီး နေထိုင်နေကြပါတယ်။

KNU တပ်မဟာ(၁) သထုံခရိုင် တာဝန်ရှိသူတွေကိုတော့ မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေကို ထောက်ပံ့ကူညီနိုင်ရေးအတွက် စာရင်းကောက်ယူတာတွေ လုပ်ဆောင်နေသလို သက်ဆိုင်ရာ လူမှုကူညီရေးအသင်း အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံမြို့နယ် ထုံးဘိုလေးတိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာတော့ စစ်ရှောင်ပြည်သူ အများစု နေရပ်ပြန်လာနေကြတာပါ။

သတင်း – သံလွင်တိုင်းမ် 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.