ရန်ကုန် ၊ သြဂုတ် (၃)

လက်ရှိနိုင်ငံရေး အကြပ်အတည်းနဲ့အတူ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် အာဏာသိမ်း စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ နိုင်ငံရေးပါတီတချို့နဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည်နေသူတွေက သုံးသပ်ပါတယ်။အာဏာသိမ်း စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးမယ်လို့ ပြောဆိုပေမယ့် နိုင်ငံတဝန်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေသလို ပြည်သူတွေကလည်း ဆင်းရဲတွင်း ပိုနက်လာတာ ဖြစ်ပါတယ်။စစ်ကောင်စီကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး အရေးပေါ်ကာလ ၆ လ သက်တမ်းထပ်တိုးလိုက်ကြောင်း ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှကတော့ နိုင်ငံတဝန်းမှာ ပဋိပက္ခတွေ ပိုမို ပြင်းထန်လာပြီးနောက် ကျေးရွာတွေ နေ့စဉ်နဲ့အမျှ မီးရှို့ခံနေရသလို ဖမ်းဆီးသတ်ဖြတ်မှုတွေလည်း ရှိနေတာကြောင့် ရွေးကောက်ပွဲကျင်းပလို့ ရတဲ့ အခြေအနေမျိုး မဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။“အဓိက အရေးကြီးတာက ရွေးကောက်ပွဲတစ်ခုဆိုတာ မဲဆန္ဒရှင်ပြည်သူတွေက လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံနဲ့ ကိုယ့်မဲဆန္ဒကို ကိုယ်စားပြုတဲ့ မဲပေးပိုင်ခွင့်ရရှိဖို့ အရေးကြီးတယ်လို့ မြင်တယ်။လက်ရှိ မြန်မာနိုင်ငံမှာ အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေ ရှုပ်ထွေးမှုတွေ ပဋိပက္ခတွေ ပြဿာနာတွေနဲ့ ရှုပ်ထွေးမှုတွေမှာဆိုရင် လက်ရှိ အခြေအနေက ရွေးကောက်ပွဲတစ်ခု ကျင်းပလို့ရတဲ့ အခြေအနေမျိုးမှာ ရှိတယ်လို့ ကျွန်တော်တို့ မမြင်သေးဘူး”သူက သံလွင်းတိုင်းမ်ကို ပြောပါတယ်။စစ်ကောင်စီကတော့ ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးနဲ့ မြေပြင်လူဦးရေ စာရင်း တိုက်ဆိုင်စစ်ဆေးတာကို အခုနှစ် ဖေဖော်ဝါရီကစပြီး ဇူလိုင် ၂၅ ရက်နေ့အထိ မြို့နယ် ၂၉၀ ကျော်မှာ ဆောင်ရွက်ပြီးစီးသွား ဖြစ်ကြောင်းနဲ့ ကျန်ရှိတဲ့ မြို့နယ် ၁၄ မြို့နယ်ကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးကတော့ စစ်ကောင်စီရဲ့ မဲစာရင်းပြုစုမှုဟာ ၂၀၂၀ ရွေးကောက်ပွဲက မဲစာရင်းကိုသာ အခြေခံတဲ့အတွက် လက်ရှိ တိုင်းပြည် မတည်ငြိမ်မှုတွေကြားမှာ မဲစာရင်း တိတိကျကျရဖို့ မဖြစ်နိုင်ဘူးလို့ ထောက်ပြပါတယ်။“လက်ရှိ မြေပြင်အနေအထားအရတော့ မဲစာရင်းကောက်ထားတာ မရှိဘူးပေါ့။သူတို့ကတော့ (အိမ်ထောင်စုလူဦးရေစာရင်း) ပုံစံ (၆၆) လဝကစာရင်းကို အခြေခံပြီးတော့ပဲ ဒါကို မဲစာရင်းပြန်ပြုစုတယ်ဆိုပြီး ထွေအုပ်နဲ့ ကော်မရှင်နဲ့ ပေါင်းပြီးတော့ မဲစာရင်းလုပ်နေတယ်ဆိုတဲ့ဟာ သူတို့က ပြချင်တယ်။သူတို့တကယ် မဲစာရင်းလုပ်တာက ပုံစံ (၆၆)ကို အခြေခံထားတဲ့ မဲစာရင်းပေါ့၊ ၂၀၂၀ မဲစာရင်းကိုပဲ ပြန်အခြေခံထားတာ။ဒါပဲ ပြန်လုပ်နေတာ ဒီကာလမှာ မဲစာရင်း တိတိကျကျရဖို့ မဖြစ်နိုင်ဘူး။မှန်ကန်ဖို့တောင်မှ အနီးစပ်ဆုံး မမှန်ကန်နိုင်သေးဘူး”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ဒါ့အပြင် လက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြားမှာ စစ်ကောင်စီအနေနဲ့ ရပ်ကျေးအဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကိုလည်း ဖွဲ့စည်းနိုင်ခြင်း မရှိသေးတာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အလားအလာနည်းနေတယ်လို့ သူက ဆိုပါတယ်။နယ်မြေအေးချမ်းမှုမရှိတဲ့ ကယားပြည်နယ်၊ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာရှိတဲ့ မြို့နယ် ၁၃ မြို့နယ်ကို မြေပြင်လူဦးရေ စာရင်း တိုက်ဆိုင်စစ်ဆေးမှု မပြုလုပ်နိုင်သေးဘူးလို့ စစ်ကောင်စီကလည်း ဝန်ခံထားပါတယ်။လာမယ့် ၂၀၂၃ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က အချိုးကျကိုယ်စားပြုPR စနစ်ကို ကျင့်သုံးမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲရလဒ်ဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးသာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။ဒီအခြေအနေမှာ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်ကောင်စီရဲ့ ထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာ လုပ်မလုပ်ကို မိမိတို့ဘာသာ ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်တယ်လို့ ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။“ဥပဒေက အနည်းဆုံး သုံးနေရာ ဝင်ပြိုင်ရမယ်လို့ ပြောထားတော့ ရွေးကောက်ပွဲကို မကြိုက်ဘူး၊အာဏာသိမ်းတာကို မထောက်ခံဘူးဆိုရင်တော့ ပါတီတွေကို ဖျက်သိမ်းပစ်လိုက်ပေါ့။တကယ်လို့သာ အဲဒီလို မဟုတ်ဘဲနဲ့ ငါတို့ပါတီရပ်တည်ရေးက အရေးကြီးတယ်ဆိုရင်တော့ ရွေးကောက်ပွဲ ဝင်ရမှာပေါ့။မကြိုက်သည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ ဝင်ရမှာပေါ့။ရွေးကောက်ပွဲဆိုးကျိုး ကောင်းကျိုးဆိုတာတော့ နောက်မှ ပိုပြီး ထင်ရှားလာမှာပေါ့”လို့ သူက မှတ်ချက်ပြုပါတယ်။နိုင်ငံရေး လေ့လာသုံးသပ်သူတွေကလည်း နိုင်ငံတဝန်းမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပေါ်နေတာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အလားအလာ နည်းပါးနေသလို မဲလာပေးမယ့်သူလည်း မရှိသလောက် နည်းပါးနိုင်တယ်လို့ သုံးသပ်ကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လုံးဝချေဖျက်ဖို့ အရေးကြီးတဲ့အချိန်ဖြစ်တာမို့ နိုင်ငံရေး၊ စစ်ရေး နှစ်ခုစလုံးနဲ့ စစ်အုပ်စုကို ချေမှုန်းဖို့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.