ကျိုက်မရော ၊ သြဂုတ် (၂)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စွန်ရဲမြို့ပြပြောက်ကျား ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ အခြေစိုက်စခန်း တစ်ခု သိမ်းပိုက်ခံလိုက်ရတယ်လို့ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDOM)က ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့မှာ အဲဒီအခြေစိုက်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်စီးနင်းခဲ့တာ ဖြစ်ပြီး PDF ရဲဘော် ၂ ဦး နဲ့ အရပ်သား ကလေးငယ် တစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။အဲဒီနောက်မှာတော့ လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းခံခဲ့ရပြီး နောက်ဆက်တွဲအနေနဲ့ PDF ရဲ‌ဘော် ၂ ဦးကိုလည်း ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့မှာ ထပ်မံ ဖမ်းဆီးခံလိုက် ရပါတယ်။မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDOM)ကတော့ စစ်အုပ်စုဟာ ဖမ်းဆီးခံရသူ ၃ ဦးကို ထုတ်ပြန်ထားပြီး ကျန် ၂ ဦးကို စာရင်းဖျောက်ထားတယ်လို့ ဆိုပါတယ်။စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်အကောက်တွေမှာတော့ ကျိုက်မရောမြို့နယ်အတွင်းက PDF စခန်း တစ်ခုကို ဝင်ရောက် စီးနင်းစဉ် PDF ရဲဘော် ၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခု ပထမဦးဆုံးအကြိမ် သိမ်းပိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.