ရန်ကုန် ၊ ဇူလိုင် (၂၉)

စစ်ကောင်စီက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်စီရင် ကွက်မျက်လိုက်တဲ့အတွက် နွေဦးတော်လှန်‌ရေး အရှိန်အဟုန် ပိုမိုပြင်းထန်လာနိုင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမှောင်ကျသွားပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။အာဏာသိမ်း စစ်ကောင်စီဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း သေဒဏ်စီရင်လိုက်ပြီးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း သေဒဏ်စီရင်မှု မှန်ကန်ကြောင်းနဲ့ သူတို့ ၄ ဦးဟာ သေဒဏ်အကြိမ်ကြိမ် ကျခံသင့်တဲ့ သူတွေ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသွားတာပါ။နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ သေဒဏ်စီရင်မှုကြောင့် နွေဦးတော်လှန်ရေး အရှိန်အဟုန် ပြင်းထန်လာနိုင်ပြီး မြန်မာ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမှောင်ကျ အားနည်းသွားပြီးလို့ ပြောပါတယ်။“ဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာပြည်ရဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုဟာ ပိုပြီး အရှိန်အဟုန်မြင့်မား ပြင်းထန်လာလိမ့်မယ်လို့ ယူဆပါတယ်။အဲဒီအခြေအနေအောက်မှာ စစ်ကောင်စီက ပြောနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာကို ဘယ်အင်အားစုကနေ ယုံကြည်လက်ခံပြီးတော့ ဆွေးနွေးကြမယ်လို့ မယူဆပါဘူး။ဒါကြောင့် ဒီဖြစ်ရပ်က နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ကိုသာ မြှင့်တင်စေနိုင်ပြီးတော့ ငြိမ်းချမ်းရေးရဲ့အလားလာဟာ ပိုမိုပြီးတော့ အမှောင်ကျအားနည်းသွားပြီလို့ ကျွန်တော်က သုံးသပ်ပါတယ်”လို့ သူက ဆိုပါတယ်။စစ်ကောင်စီဟာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအစိုးရတွေအပါအဝင် အာဆီယံအထူးကိုယ်စားလှယ်တို့ ကန့်ကွက်နေတဲ့ကြားက နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်စီရင်ခဲ့တာ ဖြစ်ပါတယ်။သေဒဏ်စီရင်မှုအပေါ် နွေဦးတော်လှန်ရေး အင်အားစုတွေက စစ်ကောင်စီကို သွေးကြွေးပြန်ဆပ်ဖို့အတွက် ဇေယျာသော် စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးတွေကို နိုင်ငံတဝန်းမှာ အရှိန်အဟုန်နဲ့ လုပ်ဆောင်ဖို့ ပြင်ဆင်နေကြတာပါ။နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကလည်း သေဒဏ်စီရင်မှုဟာ နိုင်ငံရေးပဋိပက္ခတွေ ဖြေရှင်းမယ့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း မဖြစ်နိုင်တော့ဘဲ နားကြည်းမှုတွေ ပိုများသွားအောင် လုပ်ဆောင်တဲ့ သဘောဖြစ်တယ်လို့ သုံးသပ်ပါတယ်။“စစ်ကောင်စီက ဆွေးနွေးဖို့ဖိတ်ခေါ်တဲ့ဟာ လုပ်ပြထားတယ်။ပြီးတော့ အပစ်ရပ်ဖို့အတွက် တိုက်တွန်းတယ်ဆိုတဲ့ဟာတွေ ပြောဆိုနေတယ်။ပြီးတော့ နောက်နှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတဲ့ဟာ လုပ်နေတယ်။အဲဒီလိုမျိုး သူ့ရဲ့ လုပ်နေတဲ့ဟာနဲ့ အခုဒီလိုမျိုး သတ်လိုက်တာနဲ့ဆိုရင် သူလုပ်နေတဲ့ဟာက တကယ်ပြေလည်ချင်လို့ တကယ်ငြိမ်းချမ်းစေချင်တယ်၊ တကယ်ဆွေးနွေးစေချင်လို့ဆိုတဲ့ အဓိပ္ပာယ် ဟုတ်ပါတယ်လို့ ပြောလို့မရတော့ဘူး။အခု သူလုပ်လိုက်တဲ့ဟာ တစ်ဖက်နဲ့ တစ်ဖက် ကြားထဲမှာ နားကြည်းစရာ၊ခွင့်မလွှတ်ဘူးဆိုတဲ့ အရာတွေ ပိုပြီး များသွားအောင် သူက သတ်ပြလိုက်တဲ့ သဘောဖြစ်တယ်”လို့ သူက သုံးသပ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီအင်အားစု အဖွဲ့ ၇ ဖွဲ့ကလည်း စစ်ကောင်စီရဲ့ သေဒဏ်စီရင်ခဲ့တဲ့ လုပ်ရပ်ဟာ ပြဌာန်းထားတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှုမရှိဘဲ အကြမ်းဖက်လူသတ်မှု သက်သက်သာ ဖြစ်တယ်လို့ ဇူလိုင် ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ဒါ့အပြင် သေဒဏ်စီရင်မှုအတွက် စစ်ကောင်စီကို ပြည်သူလူထုတစ်ရပ်လုံးရဲ့ အင်တိုက်အားတိုက်ပါဝင်မှုနဲ့ နိုင်ငံရေး၊စစ်ရေး၊သံတမန်ရေး၊အုပ်ချုပ်ရေး စစ်မျက်နှာစုံမှာ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးနဲ့ တော်လှန် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ကြေညားထားပါတယ်။စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အပစ်ရပ်PPST အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကလည်း သေဒဏ်စီရင်မှုကြောင့် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်သလို အကြပ်အတည်း အခက်အခဲတွေ ပိုမို ဖြစ်လာနိုင်တယ်လို့ ဝန်ခံပြောဆိုထားတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.