ရန်ကုန် ၊ ဇူလိုင် (၂၉)

နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် ဇူလိုင် ၁၈ ရက်နေ့ထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ရှစ်သိန်းခွဲကျော်ထိ တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။UNOCHA အဆိုအရ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဘဝမလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာရသူ ၈၅၇,၉၀၀ ဦးထိ ရှိလာပြီး အာဏာမသိမ်းခင် နေရပ်စွန့်ခွာရသူ အရေအတွက်နဲ့ ပေါင်းလိုက်ရင် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒသမ ၂ သန်းအထိ ရှိလာတယ်လို့ ဆိုထားပါတယ်။UNOCHA ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ် အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးရသူဟာ ပြီးခဲ့တဲ့ မေလထိ ၆ သိန်းနီးပါး သာရှိခဲ့ပြီး ဇွန်နဲ့ ဇူလိုင်လ နှစ်လအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂ သိန်းခွဲကျော်ထိ တိုးလာတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြည်နယ်နဲ့တိုင်းဒေသကြီးအများအပြားမှာ အာဏာသိမ်း စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိတာကြောင့် လုံခြုံရေးအခြေအနေတင်းမာပြီး လူသားချင်းစာနာမှု လိုအပ်ချက်တွေ ဆက်လက် မြင့်တက်လျက်ရှိတယ်လို့ ဆိုပါတယ်။စစ်ကိုင်းတိုင်းဒေသကြီးနဲ့ထိစပ်လျက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ကြားမှာ လက်နက်ကိုင်တိုက်ပွဲတွေ ပိုမိုပြင်ထန်လာတာကြောင့် အိုးအိမ်စွန့်ခွာရွှေ့ပြောင်းအခြေချရမှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့တာပါ။ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားအပြီးမှာ လုံခြုံရေးအခြေအနေနဲ့ မတည်မငြိမ်တွေ ဖြစ်ပေါ်လာတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.