နေပြည်တော် ၊ ဇူလိုင်(၂၈)

လက်နက်ချ အလင်းဝင်ဖို့ စာရင်းပေးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ၂၅၀ ဦး ရှိပြီး အဲဒီထဲက ၂၃၀ ဦး အလင်းဝင် လာပြီးလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ၁၈ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို ပြောဆိုခဲ့တာပါ။ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အလင်းဝင်ရောက်ဖို့ စာရင်းပေးထားတဲ့ ၂၅၀ မှာ ၂၃၀ အလင်းဝင် ဝင်ရောက်ရှိလာပြီး ကျန်ရှိတဲ့သူတွေကို ဆက်လက် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ စစ်ကောင်စီရဲ့ ပြောဆိုမှုဟာ ဝါဒဖြန့်စည်းရုံးမှု တစ်ခုသာ ဖြစ်ပြီး PDFတွေအနေနဲ့ တော်လှန်ရေးကို ဘယ်တော့မှကျောခိုင်းမှာ မဟုတ်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။ဒါ့အပြင် စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုတွေဟာ PDF တွေကို သွေးခွဲဖို့ လုပ်ဆောင်လာတာ ဖြစ်သလို စစ်ကောင်စီကို ယုံကြည်ပြီး အလင်းဝင်ပါက ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် သတိပြုဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။စစ်ကောင်စီကတော့ အရင်က အလင်းဝင်ရောက်လာတဲ့ PDFတွေကို ကြိုဆိုလက်ခံရေးစခန်းတွေနဲ့ လုံခြုံရေး အဖွဲ့အစည်းတွေမှာသာ လက်ခံခဲ့ပေမယ့် လက်ရှိမှာ မြို့နယ်ကြက်ခြေနီ အသင်းအဖွဲ့တွေ၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေး အသင်းတွေနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနဲ့ ဆက်သွယ် ဆောင်ရွက်နေတဲ့ လူမှုကူညီရေး အသင်းတွေကနေ တဆင့် လက်ခံဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

သတင်း -သံလွင်တိုင်းမ်

ပုံ- စစ်ကောင်စီမှ ထုတ်ပြန်ထားသည် ဓာတ်ပုံအဟောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.