ရန်ကုန် ၊ ဇူလိုင် (၂၈)

အာဏာသိမ်း စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ နိုင်ငံအကျဉ်းသား ၇၂ ဦးဟာ တရားလက်လွတ် သတ်ဖြတ်ခံရမယ့် အလားအလာတွေ ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP က ဇူလိုင် ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တဲ့ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ (၄) ဦးကို တရားလက်လွတ် သတ်ဖြတ်ခဲ့ပြီး တိကျတဲ့ ထုတ်ပြန်မှုမျိုး မရှိခဲ့ဘူးလို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အကျဉ်းထောင် လက်စွဲ ဥပဒေ ပုဒ်မ ၁၀၂၇ အရ သေဒဏ်ကွပ်မျက်ခံရသူတွေကို မီးသဂြိုဟ်ခွင့်မရှိဘဲ သင်္ချိုင်းမြေနေရာတွေမှာ မှတ်တိုင်စိုက်ထူပြီး သေဆုံးသူရဲ့ အမည်၊ နေရပ်လိပ်စာနဲ့သေဆုံးတဲ့ နေ့ရက်တို့ကို ရေးသားဖော်ပြ မြှုပ်နှံရမှာ ဖြစ်ပါတယ်။ဒါပေမယ့် စစ်ကောင်စီဟာ နိုင်ငံအရေးအကျဉ်းသားတွေကို ဥပဒေပါ ပြဌာန်းချက်တွေအတိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တာဟာ လူသတ်အလောင်းဖျောက်တာ မြောက်တယ်လို့ AAPP က ဆိုပါတယ်။AAPP ကတော့ နွေဦးတော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၂ ဦးကလည်း အခုလို တရားလက်လွတ်သတ်ဖြတ်ခံရမယ့် အလားအလာတွေ ရှိနေတယ်လို့ သတိပေးထားပါတယ်။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP ရဲ့ အဆိုအရ စစ်တပ် အာဏာသိမ်းတဲ့ ရက်ပေါင်း ၅၄၂ အတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၂၁၃၁ ဦးထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.