ဇူလိုင်(၂၈) မွန်ပြည်နယ်၊

ရေးမြို့နယ် တံတားကြီးထိပ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၂၇ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO)က ထုတ်ပြန်ပါတယ်။ဒီစစ်ဆင်ရေးဟာ သေဒဏ်စီရင် ကွပ်မျက်ခံရတဲ့ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့အတွက် သွေးကြွေးပြန်ဆပ်တဲ့ Mission No.1 ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်သား တစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) တွဲဘက်တာဝန်ခံ ကိုအဂ္ဂက သံလွင်တိုင်းမ်ကို ပြောပါတယ်။စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရေးမြို့နယ်အတွင်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO)ဟာ စစ်ကောင်စီဒေါက်တိုင်တွေဖြစ်တဲ့ MyTelတာဝါတိုင်တွေ၊ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲတာတွေပြုလုပ်နေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း မကြာခဏ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာပါ။MSRO ဟာ အာဏာရှင်ပပျောက်ရေးနဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး ပြည်သူတွေလိုလားတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အလေးအနက်တန်ဖိုးထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးကို ရည်ရွယ်ဖွဲ့စည်းထားတဲ့ မွန်ဒေသအတွင်းက တော်လှန်ရေး အင်အားစုအဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.