ရန်ကုန် – ဇူလိုင်(၂၇)

စစ်ကောင်စီရဲ့ မတရားသေဒဏ်ချမှတ်ခံထားရတဲ့ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့ မိသားစု နေအိမ်တွေမှာ လူရမ်းကားတစ်စုက လာရောက်သောင်းကျန်းခဲ့ပေမယ့် စစ်ကောင်စီက အရေး မယူခဲ့တာနဲ့ပတ်သက်ပြီး ရန်ကုန်လူထုက ဝေဖန်ခဲ့ကြပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ဆဲဆိုရမ်းကားခဲ့တဲ့အပြင် လူတစ်ဦးက ဆဲဆိုနေတဲ့ လူအုပ်စုကို ငွေရှင်းပေးနေတဲ့ ရုပ်သံဖိုင်ထွက်ရှိထားပါတယ်။ “ဒါဟာတိုင်းပြည်ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရဆိုင်ရင် ရန်ကုန်မြို့ ပေါ်မှာ သပိတ် တွေလုပ်ကြတာ၊ဆန္ဒပြတာဆိုရင် ချက်ချင်းရောက်လာတယ်။ သပိတ်တွေကို ကားနဲ့ တိုက်ပြီး ရက်ရက်စက်စက် သေနတ်နဲ့ပစ်တယ်။ ကားနဲ့တိုက်တယ်။ ညတွင်းချင်းလိုက်ဖမ်းတယ်။ ဒီအုပ်စု ကြီးကြတော့ ဘာလို့ အစီအစဉ်တကျ လုပ်ခွင့်ရနေတာလဲ” လို့ လသာမြို့နယ်က ပြည်သူ တစ်ဦး က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြည်သူတွေကြားထဲမှာ ဆဲဆိုရိုင်းစိုင်းခဲ့တဲ့အပြင် သာသမီးဆုံးရှုံးထားတဲ့ ဖခင်တစ်ဦးကိုလဲ ယုတ်မာရိုင်းစိုင်းစွာဆဲရေးတိုင်းထွာခဲ့သလို “ခင်ဗျားသား သတ်လို့သေတဲ့ သူတွေအများကြီး သေတာကို သူရဲကောင်းလုပ်မနေနဲ့” လို့ ပြောဆိုမှုတွေ ရှိခဲ့ပြီး နေအိမ်ကို ခဲ(ဂဲ) နဲ့ပေါက်ခဲ့တဲ့ ရုပ်သံဖိုင်တွေဟာ လူမှုကွန်ယက်စာ မျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ “ဒီလိုမင်းမဲ့စရိုက်ဆန်ဆန်အရမ်းစရိုက်ကျတဲ့ အလုပ်ကို လုပ်တာဟာ အရမ်းကိုအကျည်းတန် လွန်းအားကြီးပါတယ်” လို့ ပြည်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။ ဒီနေ့ ဇူလိုင်လ(၂၇) ရက်နေ့က စရိုက်ဆန်ဆန် ပြုလုပ်ခဲ့တဲ့ ကိစ္စမတိုင်မီက အမျိုးသားရေး အစွန်းရောက်ဘုန်းကြီး ဦးဝီရသူရဲ့ အမုန်းစကား ပြောဆိုနေတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန် ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာပါသေးတယ်။ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ရဲ့ မိသားစုဝင်တွေနေထိုင်တဲ့ နေအိမ်တွေကို အကြမ်းဖက် သောင်းကျန်းခဲ့တဲ့ သူတွေ အသုံးပြုခဲ့တဲ့ ကားတွေဟာ လိုင်စင်မဲ့ ယာဉ်တွေဖြစ်ပြီး အဲ့ဒီလို ကားတွေကို စစ်တပ်နဲ့ သူတို့နဲ့ ပတ်သက်သူတွေသာ အဓိကထားသုံးစွဲကြတာဖြစ်ပါတယ်။ သံလွင်တိုင်းမ် အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကို ဒီနေ့ကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းခဲ့ ပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.